အဋ္ဌမအကြိမ်မြောက် နှစ်ပတ်လည်အထွေထွေအစည်းအဝေး

ဂရိတ်ဟော်ခမ်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်၏ အဋ္ဌမအကြိမ်မြောက် အစုရှယ်ယာရှင်များ၏ နှစ်ပတ်လည်အထွေထွေအစည်းအဝေးကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်၊ တနင်္ဂနွေနေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝှမ်းလုံးတွင် ဖြစ်ပွားလျက်ရှိသော COVID-19 ကပ်ရောဂါအခြေအနေကြောင့် ရောဂါကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်၊ လမ်းညွှန်ချက်များ၊ ဒေသဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ အစည်းအဝေးကို အွန်လိုင်း Zoom Meeting ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးကို နံနက် ၁၀:၀၀ နာရီတွင် စတင်ခဲ့ပြီး သဘာပတိအဖြစ် အထွေထွေမန်နေဂျာ ဦးကျော်ဇေယျမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ထို့နောက် အစုရှယ်ယာရှင်များအား ဒါရိုက်တာအဖွဲ့ဥက္ကဋ္ဌ စိုင်းခိမ်ခမ်းမှ အမှာစကားပြောကြားခဲ့ပြီး၊ စိုင်းအုန်းမြင့် (အုပ်ချုပ်မှုဒါရိုက်တာ)မှ ကုမ္ပဏီ၏ လုပ်ငန်းဆောင်တာများကို ရှင်းလင်းတင်ပြခြင်း၊ စိုင်းသန်းထွန်း (ဒုတိယအုပ်ချုပ်မှုဒါရိုက်တာ၊ အထွေထွေစီမံအုပ်ချုပ်မှုအုပ်စု)မှ ကုမ္ပဏီ၏ ဒါရိုက်တာများ ရွေးချယ်ခန့်အပ်ခြင်းနှင့် ပက်သက်၍ ရှင်းလင်းတင်ပြခြင်း၊ ပြင်ပစာရင်းစစ်အဖွဲ့ဖြစ်သည့် ICOP Sein Win & Associates Company Limited ၏ Partner ဒေါ်ကေခိုင်ခိုင်လင်းမှ စာရင်းစစ်အစီရင်ခံစာကို ရှင်းလင်းတင်ပြခြင်း၊ စိုင်းခွန်ကျော် (ဒုတိယအုပ်ချုပ်မှုဒါရိုက်တာ၊ လုပ်ငန်းလည်ပတ်မှုအုပ်စု)မှ ဘဏ္ဍာရေးရှင်းတမ်းများကို ရှင်းလင်းတင်ပြခြင်း၊ အစုရှယ်ယာရှင်များထံမှ ကြိုတင်ပေးပို့ထားသော မေးခွန်းများအား ဖြေကြားခြင်း စသည့်အစီအစဉ်များကို ဆောင်ရွက်ခဲ့ပါသည်။

ဆက်လက်၍ သဘာပတိမှ

  • ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၏ နှစ်ချုပ်စာရင်းများနှင့် ၂၀၂၁ နှစ်ပတ်လည်အစီရင်ခံစာ အတည်ပြုခြင်း၊
  • ဒါရိုက်တာအဖွဲ့ဝင်များ ရွေးချယ်ခန့်အပ်မှုနှင့် တာဝန်ထမ်းဆောင်မှု အတည်ပြုခြင်း၊
  • ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်အတွက် ပြင်ပစာရင်းစစ်အဖွဲ့ဖြစ်သည့် ICOP Sein Win & Associates Company Limited အား ခန့်အပ်ခြင်းနှင့် အတည်ပြုခြင်း၊

တို့အား အတည်ပြုကြေညာခဲ့ပါသည်။

ထို့နောက်တွင် ဒါရိုက်တာအဖွဲ့ဝင်အဖြစ် ရွေးချယ်ခန့်အပ်ခံရသူများအားလုံး သဘာပတိရှေ့မှောက်တွင် ကတိသစ္စာပြုကြပြီး၊ သဘာပတိဖြစ်သူမှ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပြီးနောက် နေ့လည် ၁၂:၀၀ နာရီတွင် အစည်းအဝေး အောင်မြင်စွာရုတ်သိမ်းခဲ့ပါသည်။