ရည်မှန်းချက်တူညီသော
ဂရိတ်ဟော်ခမ်း၏ ရှယ်ယာရှင်များ
ဂရိတ်ဟော်ခမ်းသည် ကုမ္ပဏီတည်ထောင်ခါစ ၂၀၁၂ ခုနှစ် ကတည်းကပင် အရင်းအနှီးဈေးကွက်သို့ ဝင်ရောက်နိုင်ရန် ရည်ရွယ်ပြီး အများနှင့်သက်ဆိုင်သော ကုမ္ပဏီအဖြစ် တည်ထောင်ခဲ့ပါသည်။ အစုရှယ်ယာရှင်များ၏ အရေအတွက်မှာ မူလက ဆယ်ဂဏန်းသာ ရှိခဲ့သော်လည်း ယခုတွင် ရှယ်ယာရှင်ပေါင်း ခြောက်ရာကျော် ရှိခဲ့ပြီးဖြစ်သည်။
မူလတွင် ကုမ္ပဏီအတွင်း စီမံခန့်ခွဲသူများ၏ အစုရှယ်ယာများကို အုပ်စု(က) အဖြစ်လည်းကောင်း၊ ကုမ္ပဏီ၏ စီမံခန့်ခွဲမှုတွင် မပါဝင်သူများ၏ အစုရှယ်ယာများကို အုပ်စု(ခ) ဟူ၍လည်းကောင်း သတ်မှတ်ခဲ့ရာမှ ၂၀၁၆ – ၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် အဆိုပါ အုပ်စု (က၊ ခ) သတ်မှတ်ချက်ကို ပယ်ဖျက်ခဲ့ပြီး အစုရှယ်ယာအားလုံးကို သာမန်အစုရှယ်ယာ တစ်မျိုးတည်းအဖြစ် သတ်မှတ်ခဲ့ပါသည်။
ကုမ္ပဏီတည်ထောင်ခါစတွင် အစုရှယ်ယာတစ်စောင်ကို တစ်သိန်း တန်ဖိုးသတ်မှတ်ပါသည်။ သို့သော် စတော့အိတ်ချိန်းစာရင်းဝင်သော အချိန်တွင် လူအများ ပါဝင်ရင်းနှီးမြှုပ်နှံနိုင်သော အစုရှယ်ယာဖြစ်စေရန် ရည်ရွယ်၍ ၂၀၁၆ – ၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် အဆိုပါ တစ်သိန်းတန်ဖိုးရှိသော အစုရှယ်ယာတစ်စောင်ကို တစ်ထောင်တန်ဖိုးရှိ အစုရှယ်ယာပေါင်း ၁၀၀ စုအဖြစ် ခွဲခဲ့ပါသည်။ ထို့ကြောင့် မူလက အစုရှယ်ယာ ၁ စောင် ပိုင်ဆိုင်သောသူသည် အစုရှယ်ယာ အစောင်ရေ ၁၀၀ ပိုင်ဆိုင်သွားခြင်းနှင့် အတူတူပင်ဖြစ်သည်။
နှစ်အလိုက် အစုရှယ်ယာ တစ်စောင်၏ Book Value တန်ဖိုး
ယခုအစီရင်ခံသည့် ဘဏ္ဍာရေးနှစ်တွင် ကပ်ရောဂါကူးစက်ပြန့်ပွားမှုအပြင် နိုင်ငံရေး မတည်ငြိမ်မှုများသည် တည်ဆောက်ရေးလုပ်ငန်းကဏ္ဍအပါအဝင် စီမံကိန်းလုပ်ငန်းများကို အဆမတန် နည်းပါးသွားစေသည်။ ယင်းနှင့်ဆက်စပ်ပြီး ဖြစ်ပေါ်လာသည့် ကျပ်ငွေတန်ဖိုး တဟုန်ထိုး ကျဆင်းမှုမှာလည်း ကုမ္ပဏီ၏ အကျိုးအမြတ်ဖော်ဆောင်မှုကို ထိခိုက်စေခဲ့ပါသည်။ ကုမ္ပဏီ၏ နိုင်ငံခြားငွေဖြင့် ပေးရန်ရှိများကို နှစ်ဆနီးပါး ပေးဆပ်နေရသကဲ့သို့ဖြစ်သည်။
ထို့ပြင် နယ်စပ်ကုန်သွယ်ရေး ပိတ်ဆို့မှုနှင့် အသွား အလာ ကန့်သတ်ပိတ်ဆို့မှုများသည် တည်ဆောက်ရေး စီမံကိန်းများအတွက် အသုံးပြုရန်လိုအပ်သော ကုန်ကြမ်းများနှင့် စက်ကိရိယာများ ဝယ်ယူရေးအတွက် အခက်အခဲ များစွာ ဖြစ်စေပါသည်။ ယင်းတို့ကြောင့် ရရှိထားသောကန်ထရိုက်လုပ်ငန်းမှာ နှောင့်နှေးကြန့်ကြာခြင်း၊ ဆွေးနွေးထားသော လုပ်ငန်းသစ်များ ဆိုင်းငံ့မှုပြုကြခြင်းများ ဖြစ်စေကာ လုပ်ငန်းလည်ပတ်မှုပိုင်းကိုပင် အလျဉ်မပြတ်အောင် ထိန်းမ’ထောက်ကန်နေရသကဲ့သို့ ဖြစ်သည်။ နိုင်ငံအဝှမ်း အခြားသော တည်ဆောက်ရေး လုပ်ငန်းများ တွေ့ကြုံ ရင်ဆိုင်ခဲ့ရသကဲ့သို့ မျှော်မှန်းထားသည့်အတိုင်း အကျိုးအမြတ်ဖော်ဆောင်နိုင်ခြင်း မရှိခဲ့ပါ။ ထို့ကြောင့် တင်ပြပါ ဘဏ္ဍာရေးနှစ်အတွက်လည်း အစုရှယ်ယာရှင်များသို့ အမြတ်ဝေစုခွဲပေးနိုင်ခြင်းမရှိပါကြောင်း တင်ပြအပ်ပါသည်။ ဘဏ္ဍာရေးအစီရင်ခံစာအရ ၂၀၂၀-၂၀၂၀၁ ကုန်ဆုံးချိန်တွင် ကုမ္ပဏီ၏ ဘဏ္ဍာရေးအခြေအနေ အချုပ်မှာ အောက်ပါအတိုင်းဖြစ်ပါသည် –
- ကုမ္ပဏီ၏အသားတင်ပိုင်ဆိုင်မှုမှာ 13,895.95 ကျပ်သန်း၊
- ရှယ်ယာတစ်စောင်၏ စာရင်းတန်ဖိုးမှာ 1,945.18 ကျပ် ဖြစ်ပါသည်။ မနှစ်က ရှယ်ယာတန်ဖိုးနှင့် နှိုင်းယှဉ်ပါက ရှယ်ယာတစ်စောင်လျှင် တန်ဖိုးအားဖြင့် 75 ကျပ်ခန့် ကျသွားကြောင်း တွေ့ရပါသည်။