မူဆယ်မြို့ ပုဂ္ဂလိက အမှိုက်နှင့်မိလ္လာသိမ်းဆည်းရေးလုပ်ငန်း

ရည်ရွယ်ချက်

( က ) မြို့တွင်းသန့်ရှင်းသာယာလှပရေးနှင့် မြို့နေပြည်သူလူထုအား ပြီးပြည့်စုံသောဝန်ဆောင်မှုကိုပေးစေနိုင်ရန်၊

( ခ ) ဒေသဖွံ့ဖြိုးရေးကို အထောက်အကူပြုစေရန်၊

( ဂ ) ဒေသခံပြည်သူလူထု အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိစေရန်၊

( ဃ ) ထိုက်သင့်သည့် အကျိုးအမြတ်ရရှိစေရန်။

မူဆယ်မြို့ သန့်ရှင်းသာယာလှပစေရေးအတွက် မူဆယ်မြို့နယ်စည်ပင်သာယာ ရေးကော်မတီမှ ၂၈.၈.၂၀၁၉ ရက်နေ့တွင် ခေါ်ယူသော ပုဂ္ဂလိက အမှိုက်နှင့်မိလ္လာသိမ်းဆည်းရေး
လုပ်ငန်းတင်ဒါအား ဂရိတ်ဟော်ခမ်း ဒါရိုက်တာအဖွဲ့၏ ဆုံးဖြတ်သဘောတူညီချက်အရ အမြွှာစက်မှုလုပ်ငန်း လီမိတက်အနေဖြင့် အောက်ဖော်ပြပါရည်ရွယ်ချက်များချမှတ်၍
တင်ဒါလျှောက်လွှာ တင်သွင်း၍ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါသည်။

၁၇.၁၀.၂၀၁၉ ရက်နေ့တွင် မူဆယ်မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ကျင်းပပြုလုပ်နိုင်သည့် တင်ဒါဖွင့်ပွဲတွင် အခြားကုမ္ပဏီ ၃ ခုနှင့်အတူ တင်ဒါဝင်ရောက်ယှဉ်ပြိုင်၍ မိမိတို့ကုမ္ပဏီအနေဖြင့် ပိုင်ဆိုင်မှု၊ ရင်းနှီးမြှုပ်နှံထားရှိမည့်အစီအမံ၊ လုပ်ငန်းဆောင်ရွက်မည့်စီမံချက်နှင့် ယာဉ်၊ ယန္တရားများ စီစဉ်ထားရှိမှုတို့အား တင်ဒါကော်မတီဝင်များ ရှေ့မှောက်တွင် ရှင်းလင်းတင်ပြ၍ သန့်ရှင်း တရားမျှတစွာ တင်ဒါယှဉ်ပြိုင်မှု ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။ တင်ဒါကော်မတီဝင်များ၏ အမှတ်ပေးစနစ်များအရ တင်ဒါဝင်ရောက်ယှဉ်ပြိုင်ခဲ့သော ကုမ္ပဏီအသီးသီး၏ ရမှတ်များအား ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ ပေးပို့တင်ပြအဆုံးအဖြတ်ရယူခဲ့ရာတွင် ရှမ်းပြည်နယ်အစိုးရမှ အမြွှာစက်မှု လုပ်ငန်းလီမိတက်အား မူဆယ်မြို့ ပုဂ္ဂလိက အမှိုက်နှင့်မိလ္လာသိမ်းဆည်းရေး တင်ဒါအောင်မြင် ရွေးချယ်ကြောင်းနှင့် လုပ်ငန်းဆောင်ရွက်ခွင့်ပြုကြောင်းအား ၁၂.၁၂.၂၀၁၉ ရက်နေ့တွင် အတည်ပြုအကြောင်းကြားခဲ့ပါသည်။

အမြွှာစက်မှုလုပ်ငန်းလီမိတက်အနေဖြင့် မူဆယ်မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် နှစ်-၃၀ လုပ်ငန်းဆောင်ရွက်ခွင့်စာချုပ်ချုပ်ဆိုနိုင်ရန်အတွက် လိုအပ်သောလုပ်ငန်းစီမံချက်ရေးဆွဲ၍ အမှိုက်နှင့်မိလ္လာသိမ်းဆည်းရေး ဖွဲ့စည်းပုံနှင့် လုပ်ငန်းတွင်အသုံးပြုမည့် လုပ်ငန်းသုံးပစ္စည်းများ၊ အမှိုက်သိမ်းဆည်းဝန်ဆောင်ခလျာထားနှုန်းထားများ၊ ယာဉ်နှင့် ယန္တရားတို့အား အောက်ပါအတိုင်း ပြုစုတင်ပြခဲ့ပါသည်။

( က ) ဖွဲ့စည်းပုံ၊
( ခ ) ယာဉ်နှင့်ယန္တရားများ၊
( ဂ ) လုပ်ငန်းသုံးအထောက်အကူပစ္စည်းများ၊
( ဃ ) အမှိုက်သိမ်းဆည်းမည့်လမ်းကြောင်းနှင့် စွန့်ပစ်လမ်းကြောင်း၊
( င ) လျာထားဝန်ဆောင်ခနှုန်းထားများ။

မူဆယ်မြို့၏ နေ့စဉ်ထွက်ရှိသည့် အမှိုက်များအား စနစ်တကျစွန့်ပစ်နိုင်ရန်အတွက် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ရွေးချယ်သတ်မှတ်ခဲ့သော မူဆယ်မြို့မှ ၈-မိုင်အကွာအဝေးရှိ ဟိုနောင်ရွာအနီး အမှိုက်ကျင်းနေရာသစ်ကို လမ်းစတင်ဖောက်လုပ်ခြင်း၊ အမှိုက်စုပုံကွင်းနေရာပြုလုပ်ခြင်းတို့အတွက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်၊ မူဆယ်မြို့အထွေထွေအုပ်ချုပ်ရေးမှူးတို့ ဦးဆောင်သည့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်၊ ကျေးရွာဥက္ကဋ္ဌများမှ ကွင်းဆင်းစစ်ဆေးကြည့်ရှုအတည်ပြုချက်အရ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်နေ့မှ စတင်ပြီး ကျောက်ခင်းလမ်းဖောက်လုပ်ခြင်းနှင့် အမှိုက်စုပုံကွင်းဖောက်လုပ်ခြင်းတို့ကို ဖေဖေါ်ဝါရီလ ၉ ရက်နေ့တွင် ဆောင်ရွက်မှု ပြီးစီးခဲ့ပါသည်။

မူဆယ်မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် အမြွှာစက်မှုလုပ်ငန်းလီမိတက်တို့သည် မူဆယ်မြို့ ပုဂ္ဂလိက အမှိုက်နှင့် မိလ္လာသိမ်းဆည်းရေး နှစ်-၃၀ လုပ်ငန်းဆောင်ရွက်ခွင့် သဘောတူစာချုပ်အား ၂.၆.၂၀၂၀ ရက်နေ့တွင် မူဆယ်မြို့၊ မြို့တော်ခန်းမတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီဝင်များရှေ့မှောက်တွင် လက်မှတ်ရေးထိုးချုပ်ဆိုခဲ့ခြင်းအား ဆောင်ရွက်ခဲ့ပါသည်။

လုပ်ငန်းစတင်ဆောင်ရွက်မှုအနေဖြင့် မူဆယ်မြို့တွင်းရှိ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်ထားသောနေရာများရှိ အမှိုက်များကို ၆.၆.၂၀၂၀ ရက်နေ့မှစတင်ပြီး ယာဉ်၊ စက်ယန္တရားများ အသုံးပြုကာ ရှင်းလင်းဆောင်ရွက်ခဲ့ပါသည်။

အမှိုက်နှင့်မိလ္လာသိမ်းဆည်းရေး လုပ်ငန်းအတွက် တရုတ်နိုင်ငံမှ မှာယူတင်သွင်းထားသော ယာဉ်နှင့် အထောက်အကူ ပစ္စည်းများအားလုံးသည် ၁၂.၆.၂၀၂၀ ရက်နေ့၏တွင် မူဆယ်မြို့သို့ရောက်ရှိလာခဲ့ပြီး ၁၃.၆.၂၀၂၀ ရက်နေ့တွင် မြို့နယ်စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူများ လာရောက်ကြည့်ရှုစစ်ဆေးကာ မူဆယ်မြို့တွင်း တာဝန်ခွဲဝေသတ်မှတ်ထားသော လမ်းကြောင်းများအတိုင်းစမ်းသပ်မောင်းနှင်စေခဲ့ပါသည်။

မူဆယ်မြို့ရှိ ရပ်ကွက်များအတွင်း နေ့စဉ်အမှိုက်သိမ်းဆည်းမှုလုပ်ငန်းအား ၁၅.၆.၂၀၂၀ ရက်နေ့မှစတင်၍ အောက်ပါလုပ်ငန်းစနစ်များအတိုင်း နေ့စဉ်နားရက်မရှိ လုပ်ငန်းဆောင်ရွက်မှုအား စတင်ပြုလုပ်ခဲ့ပါသည်။

လုပ်ငန်းလည်ပတ်မှုစနစ်အရ ခေတ်မီတိုးတက်လာသောခေတ်စနစ်နှင့်အညီ IT ပညာရပ်များကိုပါ လုပ်ငန်းလည်ပတ်မှုစနစ်အတွင်း ယာဉ်၊ ယန္တရားများတွင် GPS ထည့်သွင်းတပ်ဆင်အသုံးပြုခဲ့ခြင်းကို ဆောင်ရွက်ခဲ့ရာ လူ၊ အချိန်သက်သာစေမှုရှိခဲ့သည့်အပြင် အမှိုက်သိမ်းယာဉ်များကို စည်းကမ်းထိန်းသိမ်းကွပ်ကဲရာတွင် အချိန်နှင့်တပြေးညီ လွယ်ကူလျင်မြန်စွာ ထိန်းချုပ်ကွပ်ကဲခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့ပါသည်။

( က ) ခေါင်းလောင်းထိုးစနစ် ( မြို့တွင်းရပ်ကွက်အားလုံး)
( ခ ) အမှိုက်ကန်၊ အမှိုက်ပုံးထားရှိစနစ် (ဌာနဆိုင်ရာ၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း)
( ဂ ) တစ်စတွေ့တစ်စကောက်စနစ် (ဆင်ဖြူဂိတ်- မင်္ဂလာမူဆယ် – လေယာဉ်ကွင်းဟောင်း)
( ဃ ) စည်းကမ်းမဲ့အမှိုက်ပစ်မှုများပပျောက်စေရန်စနစ် ( ဌာနနှင့် ကုမ္ပဏီတို့ပူးပေါင်း၍ ဇွန်လအတွင်း ပညာပေး ကာလသတ်မှတ်ကာ ဇူလိုင်လမှစတင်၍ ဖမ်းဆီးဒဏ်ငွေဆောင်စေခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

Realtime GPS Monitoring တွင် သိရှိနိုင်သည့်အချက်များ

  • ယာဉ်သွားလာမှုလမ်းကြောင်းများကို အချိန်နှင့်တပြေးညီ သိရှိနိုင်ခြင်း။
  • ယာဉ်သွားလာမှုအမြန်နှုန်းကို သိရှိနိုင်ခြင်း။
  • ယာဉ်၏ခရီးမိုင်ကို သိရှိနိုင်ခြင်း။
  • စက် နှိုးမနှိုး အခြေအနေကို သိရှိနိုင်ခြင်း။
  • သော့ဖွင့်ထားခြင်း ရှိမရှိ အခြေအနေကို သိရှိနိုင်ခြင်း။
  • စမှတ်နှင့် ဆုံးမှတ် လမ်းကြောင်းများကို ခွဲခြားသိရှိနိုင်ခြင်း။
  • ကားစက်နှိုးပြီး အချိန်ဖြုန်းနေခြင်းရှိမရှိ သိရှိနိုင်ခြင်း။
  • ယာဉ်မောင်းဘယ်သူလဲဆိုတာ သိရှိနိုင်ခြင်း။
  • ယာဉ်၏ Battery ကောင်းမကောင်းနှင့် ဗို့အားအခြေအနေကို သိရှိနိုင်ခြင်း။ကြိုတင်သတ်မှတ်ထားသော ယာဉ်၏အဖြစ်အပျက်များမှ အချက်ပေးနိုင်ခြင်း။ (ဥပမာ- သက်မှတ်ထားသော ကီလိုကျော်မောင်းပါက အချက်ပေးစနစ်မှသိရှိနိုင်ခြင်း (GPS Portal မှ သိရှိနိုင်ခြင်း၊ Mobile Phone Application ဖြင့် သိရှိနိုင်ခြင်း၊ email ဖြင့်လည်းသိရှိနိုင်ခြင်း။)
  • ဆီလက်ကျန်ကိုသိရှိနိုင်ခြင်း။
  • PTO အသုံးပြုမှုရှိ/မရှိ အခြေအနေကို သိရှိနိုင်ခြင်း။

Driver Identification with RFID Card and Behavior Monitoring တွင် ပါဝင်သည့်အချက်များ

  • ယာဉ်မောင်းများအား RFID Card စနစ်ဖြင့် ယာဉ်အသုံးပြုမှုများအား ထိန်းချုပ်ထားခြင်း။
  • RFID Card စနစ်တွင် မည်သည့်ယာဉ်မောင်းက မည်သည့်ယာဉ်အားအသုံးပြုနေကြောင်း သိရှိခြင်း။။
  • ကားသော့ရှိနေသော်လည်း RFID Card မပါဘဲ ကားစက်နှိုး၍မရခြင်း။ စနစ်တွင် ထည့်သွင်းထားသော RFID Card ပါမှသာ ကားစက်နှိုး၍ရခြင်း။
  • RFID ကဒ် ထုတ်ပေးထားသော်လည်း ရုတ်တရက်အလုပ်ထွက်သွားပါက အဝေးမှ ၎င်းကဒ်ကို ဖျက်သိမ်းလိုက်နိုင်ခြင်း။
  • ယာဉ်မောင်းများ၏ ယာဉ်မောင်းနှင်မှု အခြေအနေများကို စောင့်ကြည့်နိုင်ခြင်း။ (Braking, Speeding , Cornering, Over Idling, Acceleration )
  • ယာဉ်မောင်းများ၏ယာဉ်မောင်းနှင်မှု skill အပေါ်မူတည်၍ driving score များခွဲထုတ်သိရှိနိုင်ပြီး ဆုပေး၊ ဒဏ်ပေးလုပ်နိုင်ခြင်း။

တွေ့ကြုံရသော အခက်အခဲများ

မူဆယ်မြို့ ပုဂ္ဂလိကအမှိုက်သိမ်းဆည်းမှုလုပ်ငန်း ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့်အခက်အခဲများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

( က ) မသတ်မှတ်ရသေးသော မြို့တွင်းရှိ လမ်းအမည်များကြောင့် လမ်းကြောင်းစီမံချက်များအား အတိအကျ မကြေညာနိုင်ခြင်း။
( ခ ) လူနေအိမ်များ လူမရှိခြင်းကြောင့် ဝန်ဆောင်ခကောက်ခံမရရှိခြင်း။
( ဂ ) လူနေအိမ်များမှ ဝန်ဆောင်ခ ဈေးများကြောင်း၊ အမှိုက်စွန့်ပစ်ခြင်းမရှိသောကြောင့် ဝန်ဆောင်ခမပေးနိုင်ကြောင်း စသဖြင့် အကြောင်းပြ၍ ဝန်ဆောင်ခမပေးခြင်း။
( ဃ ) Covid-19 ကပ်ရောဂါကြောင့် မိသားစုစီးပွားရေးလုပ်ငန်းလုပ်ကိုင်သော စားသောက်ဆိုင်များပိတ်ထားခြင်း၊ လူနေအိမ်များနှင့်ဆိုင်ခန်းများ ပိတ်ထားခြင်းတို့ကြောင့် ဝန်ဆောင်ခကောက်ခံရာတွင် မျှော်မှန်းထားသလောက် မရရှိခြင်း။
( င ) လမ်းလည်တွင် အမှိုက်စွန့်ပစ်ခြင်းမရှိတော့သော်လည်း လမ်းဘေးဝဲယာပလက်ဖောင်းများတွင် အမှိုက်များ စုပုံချထားခြင်းတို့ကြောင့် ခွေးများမှအမှိုက်ထုပ်များကိုဆွဲဖွခြင်း၊ လေလွင့်သူများမှအမှိုက်ဖွခြင်းနှင့် စည်းကမ်းမဲ့အမှိုက်ပစ်သူများမှ ရောထွေးလာရောက်စွန့်ပစ်ခြင်း။

ယာဉ်ထိန်းသိမ်းပြုပြင်မှု

အမှိုက်သိမ်းယာဉ်များ ထိန်းသိမ်းပြုပြင်ခြင်းအတွက် Twins Camp တွင် Workshop ဖွင့်လှစ်၍ အသေးစားပြုပြင်မှုများကို ဆောင်ရွက်စေလျက်ရှိကာ အလတ်စားနှင့် အကြီးစားပြုပြင်မှုတို့အား တိန်းလုံ Camp Workshop တွင် ပြုပြင်မှုများဆောင်ရွက်လျက်ရှိပါသည်။

အမှိုက်သိမ်းဝန်ထမ်းများအား စည်းကမ်းတကျရှိစေရေးနှင့် ဝန်ဆောင်မှုလုပ်ငန်း အရှိန်အဟုန်လျှော့ကျခြင်း မရှိစေရေးတို့အတွက် ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများထုတ်ပြန်၍ နေ့စဉ်နံနက် ၆ နာရီခွဲတွင် အလုပ်မဆင်းမီ တစ်နေ့တာ ဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များ ခွဲဝေသတ်မှတ်စေလွှတ်၍ နေ့စဉ်ညနေ ၄ နာရီတွင်တန်းစီ၍တစ်နေ့တာ ကြုံတွေ့ခဲ့ရသော အခက်အခဲပြဿနာများ တင်ပြစေခြင်း ဖြေရှင်းပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။ Facebook Page မှတစ်ဆင့် ပြည်သူများမှ တင်ပြတောင်းဆိုမှုများကိုလည်း အမြန်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါသည်။

အမှိုက်သိမ်းဝန်ထမ်းများနှင့် ဝန်ဆောင်ခကောက်ခံသည့် ဝန်ထမ်းများအားလုံး ပြည်သူလူထုနှင့် ထိတွေ့ဆက်ဆံရာတွင် အဆင်ပြေချောမွေ့မှုရှိစေရန်နှင့် လုပ်ငန်းအောင်မြင်စေရန် ရည်ရွယ်၍ KHAM KU INSTIUTE မှ ဆရာ စိုင်းဆိုင်မိန်းအား ဖိတ်ခေါ်ကာ ဝန်ထမ်းများအားလုံး ၂၁.၇.၂၀၂၀ ရက်မှ ၂၃.၇.၂၀၂၀ ရက်နေ့အထိ Customer Services Training သင်တန်းပေးခဲ့ပြီးဖြစ်ပါသည်။