ရှယ်ယာရှင်များအားလုံးခင်ဗျာ
ဤ ၂၀၂၀ ပြည့်နှစ်သည် ဂရိတ်ဟော်ခမ်းအတွက် ကုမ္ပဏီသက်တမ်း ရှစ်နှစ် ပြည့်မြောက်ခဲ့ပါပြီ။ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ မကြုံဖူးတဲ့ ကပ်ရောဂါဆိုးကြီးကို တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် တစ်နှစ်လုံးလုံး ရင်ဆိုင်ခဲ့ရသည့် နှစ်လည်းဖြစ်ပါသည်။ ဒီလိုအချိန်မျိုးတွင် နှစ်ပတ်လည် အစည်းအဝေးကို တခမ်းတနားဖြင့် စည်ကားစွာ ကျင်းပရန် မသင့်လျော်သည်မှာ အမှန်ပင်ဖြစ်ပါသည်။
မည်သို့ပင်ဖြစ်စေကာမူ နှစ်စဉ် နှစ်ပတ်လည်အစည်းအဝေး ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ချပြပါဆိုလျှင် မိမိတို့ကုမ္ပဏီ၏ ဆောင်ရွက်ခဲ့၊ ဆောင်ရွက်ဆဲလုပ်ငန်းများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အနာဂတ်လုပ်ငန်းများကို ပြန်လည်သုံးသပ်ဆုံးဖြတ်ရန်နှင့် အဆိုပါ သုံးသပ်ချက် ဆုံးဖြတ်ချက်များကို ရှယ်ယာရှင်များအား
ဖွင့်ဟချပြရန် ပင်ဖြစ်ပါသည်။ ယခုနှစ်တွင် မြေပြင်အစည်းအဝေး အခမ်းအနားပုံစံမျိုးဖြင့် မကျင်းပနိုင်ခဲ့သော်လည်း သင့်လျော်သော နည်းလမ်းတစ်မျိုးမျိုးဖြင့် အဆိုပါ ကုမ္ပဏီ၏ လုပ်ငန်းများ၊ လုပ်ငန်းသုံးသပ်ချက်များနှင့် ဆုံးဖြတ်ချက်များကို ရှယ်ယာရှင်များအား ချပြနိုင်ခဲ့လျှင်၊ လိုအပ်သော ရှယ်ယာရှင်များ၏ သဘောထားမှတ်ချက်များကိုလည်း ရယူနိုင်လျှင် အခမ်းအနားပြုလုပ်ခြင်းနှင့် တန်ဖိုးချင်း ထပ်တူထပ်မျှပင်ဖြစ်သည်ဟု ဆိုနိုင်ပါသည်။
သက်တမ်းအားဖြင့်ဆိုရလျှင် ရှစ်နှစ်ဆိုသည့်သက်တမ်းမှာ ကုမ္ပဏီအနေအားဖြင့် သက်တမ်းနုနယ်ပါသေးသည် ဟုဆိုင်နိုင်ပါသည်။ သင်ယူစရာ၊ လေ့လာစရာ သင်္ခန်းစာများ၊ အတွေ့အကြုံများနှင့် အမှားအယွင်းများအမြောက်အမြားရှိနေနိုင်ပါသည်။ သို့သော်လည်း ကုမ္ပဏီ၏ အဓိကလုပ်ငန်းဖြစ်သည့် တည်ဆောက်ရေးလုပ်ငန်း နယ်ပယ်ထဲတွင် တည်ထောင်သူများ၏ လုပ်ငန်းအတွေ့အကြုံမှာ ဆယ်စုနှစ်ပေါင်းများစွာ ရှိခဲ့ပါသည်။ ယင်းအချက်သည် ကျွန်တော်တို့ကုမ္ပဏီ၏ အားသာချက်တစ်ခုဟု ဆိုနိုင်ပါသည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်းတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ ကန်ထရိုက် လုပ်ငန်း၊ ထုတ်လုပ်ရေးလုပ်ငန်းနှင့် ကုန်သွယ်ရေးလုပ်ငန်းများအပြင် မူဆယ်မြို့ အမှိုက်နှင့်မိလ္လာသိမ်းဆည်းရေး ဝန်ဆောင်မှုလုပ်ငန်းကိုပါ တိုးချဲ့ဆောင်ရွက်နိုင်ခဲ့သည်။ အဆိုပါ ဝန်ဆောင်မှုလုပ်ငန်းသည် ရေရှည်အတွက်
ရင်းနှီးမြှုပ်နှံမှုတစ်ခုဟု ဆိုနိုင်ပါသည်။ နောက်ပိုင်းတွင် ကုန်ချောထုတ်လုပ်ရေးနှင့် ဖြန့်ချိရေးလုပ်ငန်းများပါ အခြားမိတ်ဖက်ကုမ္ပဏီတစ်ခုနှင့် လက်တွဲဆောင်ရွက်ရန် မူအားဖြင့် သဘောတူထားပြီးဖြစ်သော လုပ်ငန်းများလည်း တွေ့ရှိရပါသည်။ ထိုပြင် ရှယ်ယာရှင်များအားလုံးအတွက် ရေရှည်အကျိုးအမြတ် ဖြစ်ထွန်းစေသော အခြားရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများကိုလည်း စီမံခန့်ခွဲမှုအဖွဲ့က အစဉ်မပြတ် စူးစမ်းရှာဖွေနေသည်ကိုလည်း တွေ့ရှိရပါသည်။
၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှစပြီး ကုမ္ပဏီ၏ အသုံးစရိတ်များလျှော့ချရန်ရည်ရွယ်ချက်ဖြင့် ကုမ္ပဏီ၏ ဖွဲ့စည်းပုံပြုပြင်ပြောင်းလဲခြင်း၊ ပိုမိုကျစ်လစ်သော စီမံခန့်ခွဲမှု
စနစ်ဖြစ်ရန် ပြုပြင်ပြောင်းလဲခြင်း၊ ဝန်ထမ်းလျှော့ချခြင်း စသည့် ဆောင်ရွက်ချက်များ ပြုလုပ်ခဲ့သော်လည်း ဤ ၂၀၁၉ – ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် မူဆယ်မြို့ အမှိုက်နှင့်မိလ္လာသိမ်းဆည်းရေး ဝန်ဆောင်မှုလုပ်ငန်းကဲ့သို့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အထိုက်အလျောက်ရှိခြင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ခန့်မှန်းထားသည့်အတိုင်း လုပ်ငန်းများ မတွင်ကျယ်ခြင်း၊ ရရန်ရှိများကို နည်းအမျိုးမျိုးဖြင့် ကြိုးစားဆောင်ရွက်ခဲ့သော်လည်း အချိန်မီ မရနိုင်ခဲ့ခြင်းအချက်များကြောင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် လုပ်ငန်းများ အရှုံးအနည်းငယ် ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိရပါသည်။ နှစ်စဉ် အရှုံးဖြစ်ပေါ်လျက်ရှိသော လုပ်ငန်းများအား ပြုပြင်ပြောင်းလဲမှုအပါအဝင် လာမည့်ဘဏ္ဍာရေးနှစ်တွင် အခက်အခဲ ပြဿနာများကို ကျော်လွှားနိုင်မည့် ဆောင်ရွက်ချက်များကို အသင့်ပြင်ဆင်ထားပြီး ဖြစ်ပါသည်။
လုပ်ငန်းကျွမ်းကျင်မှု၊ ရိုးသားကြိုးစားမှု၊ စံချိန်စံညွှန်းမီပြီး အရည်အသွေးကောင်းမွန်သော ဝန်ဆောင်မှုများ နှင့်အတူ ရှစ်နှစ်တာကာလအတွင်း အကောင်အထည် ဖော်ဆောင်နိုင်ခဲ့သော စီမံကိန်းများနှင့်လုပ်ငန်းများသည် မိမိတို့၏ ကုမ္ပဏီအား ထိုက်တန်သောအသိအမှတ်ပြုမှုများကို လက်ခံရယူစေနိုင်ခဲ့ပါသည်။
ရှယ်ယာရှင်များ၊ ဖောက်သည်များ၊ လုပ်ငန်းအပ်နှံသူများနှင့် ဝန်ထမ်းများအားလုံးခင်ဗျာ – ဂရိတ်ဟော်ခမ်း၏ စဉ်ဆက်မပြတ် အောင်မြင်သော အနာဂတ်ဖြစ်စေရေး
ဝိုင်းဝန်းကူညီပံ့ပိုးမှု၊ အနစ်နာခံမှု၊ ရိုးသားကြိုးစားမှုများ အတွက် ကျွန်တော်ဒါရိုက်တာအဖွဲ့ဥက္ကဋ္ဌအနေဖြင့် အထူးပင် ကျေးဇူးတင်ပါသည်။
လက်ရှိ ကြုံတွေ့နေရသော ကပ်ရောဂါအပါအဝင် ကျွန်တော်တို့၏ လုပ်ငန်းများတွင် တွေ့ကြုံရသော အခက်အခဲပြဿနာများနှင့် စွန့်စားမှုများကို တက်ညီ
လက်ညီစွာဖြင့် ဝိုင်းဝန်းအဖြေရှာရင်း ပိုမိုခိုင်မာသော၊ ပိုမိုအောင်မြင်သော ကုမ္ပဏီတစ်ခုဖြစ်စေရန် အဆင်သင့် ပြင်ဆင်ထားပြီးဖြစ်ပါသည်။ နောင်နှစ်တွင် အပြုံးကိုယ်စီဖြင့် လက်ဆွဲနှုတ်ဆက်နိုင်မည်ဟု မျှော်လင့်ပါသည်။ အားလုံးကိုယ်စီ ကျန်းမာရေးအတွက် မပေါ့မဆ ဂရုစိုက်ကြပါလို့ နွေးထွေးသော သတိစကားပြောကြားရင် ကျွန်တော်၏ အမှာစကားကို နိဂုံးချုပ်အပ်ပါသည်။