သုဝဏ္ဏမိဂဒါ မဟာစေတီတော် စီမံကိန်း

သုဝဏ္ဏမိဂဒါ မဟာစေတီတော်စီမံကိန်းသည် မူဆယ်မြို့တွင် သီတင်းသုံးနေထိုင်တော်မူကြသော မထေရ်မြတ်များ ဖြစ်သည့် ဆရာတော် ဘဒ္ဒန္တ နရနာထ၊ ဘဒ္ဒန္တ ဝိသုဒ္ဓ၊ ဘဒ္ဒန္တ သောဘနနှင့် တောင်တန်းသာသနာပြုဆရာတော် ဘဒ္ဒန္တ သုခမိန္ဒတို့၏ ဩဝါဒကိုခံယူကာ ရပ်နီးရပ်ဝေးမှ ဒါယကာ ဒါယိကာမများ၏ နည်းများမဟူ လှူဒါန်းသော ဝတ္ထုငွေများ သက်သက်ဖြင့်သာ တည်ဆောက်သည့် စီမံကိန်းဖြစ်ပါသည်။ စေတီတော်သည် ပင်လယ် ရေမျက်နှာပြင် အထက် ၃,၁၂၇ ပေ အမြင့်ရှိ မူဆယ်မြို့၏ အမြင့်ဆုံးတောင်ဖြစ်သော လွယ်တိန်ခမ်း တောင်ပေါ်တွင် တည်ရှိကာ ကြီးကျယ်ခန်းနားလှသည့် စီမံကိန်းတစ်ခုဖြစ်သည်။

၂၀၁၄ ခုနှစ်မှစပြီး စေတီတော် တည်ဆောက်သည့် ကုန်းမြေကို စတင်ဖြတ်ညှိပြုပြင်ခြင်း၊ ဘူမိဗေဒ စူးစမ်းလေ့လာမှု လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ချဉ်းကပ်လမ်းဖောက်လုပ်ခြင်း၊ အုတ်မြစ်သွန်းလောင်းခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။ အလှူခံရသည့် ဘဏ္ဍာတော်ငွေ ပမာဏ အနေအထားပေါ် မူတည်၍ လုပ်ငန်းများကို အဆင့်ဆင့် ဖော်ဆောင်ခဲ့ကာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အထိ စေတီတော်၏ ပလ္လင်အထိ ပြီးမြောက်နိုင်ခဲ့ပါသည်။

၂၀၂၂ ခုနှစ်မှစပြီး ကျန်ရှိသော စေတီတော်ကြီး တည်ဆောက်ရေးလုပ်ငန်း အပိုင်းကဏ္ဍများကို အလျင်အမြန် ခရီးတွင်ပြီးမြောက်နိုင်စေရန် လွယ်တိန်ခမ်းတောင်တော်၏ ဦးစီးပဓာနနာယကဖြစ်တော်မူသော တောင်တန်းသာသနာပြု ဆရာတော်ဘုရားကြီး ဘဒ္ဒန္တသုခမိန္ဒ (ဆရာတော်စဝ်ဆုခမ်း)ကိုယ်တိုင် မေတ္တာဓာတ်များဖြန့်ကျက်လျက် လမ်းညွှန်ဆော်သြလျက်ရှိရာတွင် အနယ်နယ်အရပ်ရပ်မှ အလှူရှင်များလည်း စေတနာသဒ္ဓါတရားအပြည့်ဖြင့် တဖွားဖွားလာရောက်လှူဒါန်းလျက်ရှိနေပါသည်။ တည်ဆောက်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပြီး များမကြာမီ ခမ်းနားထည်ဝါပြီး ကြည်ညိုသဒ္ဓါဖွယ်ကောင်းသော စေတီတော်ကြီးကို ဖူးမြော်ရပါတော့မည်။

စေတီဒီဇိုင်းကို ရှမ်းဗုဒ္ဓဘာသာ၏ စေတီ ဗိသုကာလက်ရာ မှီငြမ်း၍ ဒီဇိုင်းပြုထားပြီး ဉာဏ်တော်အမြင့် ၁၆၂ ပေရှိပါသည်။ စီမံကိန်းဒီဇိုင်းကို SY Construction ကုမ္ပဏီလီမိတက်မှ စိုင်းဆိုင်လိန်(B.E., Civil)နှင့် မြန်မာဗိသုကာ ဦးခိုင်ဇော် (B.E., Civil) တို့က ရေးဆွဲထားပါသည်။ မိမိတို့ ဂရိတ်ဟော်ခမ်းကမူ တည်ဆောက်ရေးပိုင်းတွင် ပင်မ ကန်ထရိုက်တာအဖြစ် တာဝန်ယူ အကောင်အထည် ဖော်ဆောင်ခွင့် ရခဲ့ပါသည်။

စီမံကိန်းဆိုင်ရာ အချက်အလက်များ

ဉာဏ်တော် ၁၆၂ ပေ
စေတီအမျိုးအစား မုခ်ဝ ၄ မုခ် အပါအဝင် ၈ ထောင့် ဥမင်ပုထိုးပုံစံ
ထီးတော် ရှမ်းဗိသုကာ စေတီထီးတော်ပုံစံ
စတင်သည့်နှစ် ၂၀၁၄ ခုနှစ်