အစုရှယ်ယာများကို ကုမ္ပဏီက ပြန်လည်ဝယ်ယူခွင့်ရှိသော်လည်း ကုမ္ပဏီတွင် စာရင်းစစ်ပြီး ငွေသားများ လိုအပ်သည်ထက် ပိုလွန်နေမှသာ ဥပဒေကြောင်းအရ ပြန်လည်ဝယ်ယူခွင့် ပြုပါသည်။
စာရင်းစစ်ပြီး ငွေသားများ လိုအပ်သည်ထက် ပိုမိုရှိနေခြင်း၊ အစုရှယ်ယာများ ပြန်လည်ဝယ်ယူမှုတွင် ကုမ္ပဏီအတွက် အကျိုးပိုမိုဖြစ်ထွန်းစေခြင်း စသည့် အကြောင်းများရှိပါက အထူးဆုံးဖြတ်ချက်ဖြင့် ကုမ္ပဏီက အစုရှယ်ယာများကို ပြန်လည်ဝယ်ယူနိုင်ပါသည်။ သာမန်အခြေအနေမျိုးတွင် ကုမ္ပဏီက အစုရှယ်ယာများကို ပြန်မဝယ်ယူပါ။
ဂရိတ်ဟော်ခမ်းသည် ရန်ကုန်စတော့အိတ်ချိန်း အရင်းအနှီးဈေးကွက်တွင် စာရင်းမဝင်သေးခြင်းကြောင့် မိမိပိုင်ဆိုင်ထားသော ဂရိတ်ဟော်ခမ်း၏ အစုရှယ်ယာများကို တရားဝင် ရောင်းထုတ်၍ မရနိုင်သေးပါ။ မိမိ၏ အသိ မိတ်ဆွေများအချင်းချင်း အလွှဲအပြောင်း အရောင်းအဝယ် ပြုလုပ်ရာတွင်မူ ကုမ္ပဏီက အဆိုပါ အစုရှယ်ယာများကို အမည်စာရင်း ပြောင်းလဲ မှတ်ပုံတင်ပေးပါသည်။
ကုမ္ပဏီ၏ အစုရှယ်ယာရှင် တစ်ဦးဦးသေဆုံးပါက
- အစုရှယ်ယာကို ပူးတွဲပိုင်ဆိုင်ခဲ့လျှင် သက်ရှင်ကျန်ရှိသူကိုသာ အဆိုပါအစုရှယ်ယာများကို အကျိုးခံစားခွင့် ရှိသူ အစုရှယ်ယာပိုင်ဆိုင်ခွင့်ရှိသူအဖြစ် ကုမ္ပဏီက အသိအမှတ်ပြုမည်။
- အစုရှယ်ယာကို တစ်ဦးတည်းပိုင်ဆိုင်ခဲ့လျှင် သေဆုံးသွားသော အစုရှယ်ယာရှင်၏ ဥပဒေအရ ကိုယ်စားလှယ် (အမွေဆက်ခံသူ)ကိုသာ အဆိုပါအစုရှယ်ယာများကို အကျိုးခံစားခွင့်ရှိသူ အစုရှယ်ယာပိုင်ဆိုင်ခွင့် ရှိသူအဖြစ် ကုမ္ပဏီက အသိအမှတ် ပြုမည်။
လုပ်ငန်းလိုအပ်ချက်အတိုင်း ဝန်ထမ်းသစ်များကို အခါအားလျော်စွာ ခေါ်ပါသည်။ ကုမ္ပဏီအတွင်း ဝန်ထမ်းအဖြစ် လက်တွဲလုပ်ကိုင်လိုပါက ကုမ္ပဏီ၏ ဖေ့စ်ဘုတ် စာမျက်နှာတွင်ဖြစ်စေ၊ ကုမ္ပဏီ၏ မူဆယ်ရုံးချုပ်ရှိ လူ့စွမ်းအား အရင်းအမြစ်ဌာနသို့ဖြစ်စေ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
ဂရိတ်ဟော်ခမ်းသည် လမ်း၊ တံတား၊ ရေလှောင်တမံ၊ ရေအားလျှပ်စစ် စသည့် အခြေခံ အဆောက်အအုံ စီမံကိန်းများကို တည်ဆောက်ခြင်း၊ မြေတိုင်းခြင်း၊ ဒီဇိုင်းရေးဆွဲခြင်း၊ အခြေခံအဆောက်အအုံများ၏ အရည်အသွေး နှင့် ခံနိုင်ဝန်များကို ဓာတ်ခွဲ စစ်ဆေးခြင်း စသည်များကို ပင်မလုပ်ငန်းအဖြစ် ဆောင်ရွက်ပါသည်။ လုပ်ငန်းခွဲများအနေဖြင့် အမှိုက်နှင့် မိလ္လာသိမ်းဆည်းရေးလုပ်ငန်း၊ အင်ဂျင်နီယာသုံး ပစ္စည်းကိရိယာများ ရောင်းဝယ်ရေးလုပ်ငန်း၊ အသင့်ဖျော်ကွန်ကရစ် ထုတ်လုပ်ခြင်းလုပ်ငန်း၊ ကွန်ကရစ် ဓာတ်အားတိုးဆေးရေ ထုတ်လုပ်ခြင်းလုပ်ငန်း၊ အဆောက်အအုံကြီးများ တည်ဆောက်ရေးလုပ်ငန်းများကိုလည်း လုပ်ကိုင်ဆောင်ရွက်ပါသည်။
လက်ရှိတွင် ဂရိတ်ဟော်ခမ်းထဲသို့ အစုရှယ်ယာအဖြစ် တိုက်ရိုက်ထည့်၍ မရသေးပါ။ ကုမ္ပဏီ၏ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အသစ်တစ်ခုခုရှိခြင်းကြောင့် ရင်းနှီးမြှုပ်နှံငွေ လိုအပ်လျှင် သက်ဆိုင်ရာ အစိုးရဌာနများ၏ ခွင့်ပြုချက် ရရှိပြီးမှသာ အစုရှယ်ယာ အသစ်များကို ထုတ်ရောင်းနိုင်ခွင့်ရှိသည်။ သို့သော် ကုမ္ပဏီ၏ လက်ရှိအစုရှယ်ယာရှင်တစ်ဦးဦးထံမှ အစုရှယ်ယာများကို အချင်းချင်း သဘောတူညီမှုရရှိလျှင် ကုမ္ပဏီအနေဖြင့် ရှယ်ယာပိုင်ဆိုင်မှု အမည်အား ကူညီလွှဲပြောင်းပေးပါသည်။
ကုမ္ပဏီတွင် အစုရှယ်ယာအဖြစ် ထည့်ဝင်ပြီးငွေများကို ကုမ္ပဏီ၏ လုပ်ငန်းလည်ပတ်မှုများတွင် အသုံးပြုပြီးငွေအဖြစ် မှတ်ယူရပါမည်။ လုပ်ငန်းလည်ပတ်မှုမှ ရရှိလာသော အမြတ်ငွေများကို အစုရှယ်ယာရှင်များအား အချိုးအစားအလိုက် မျှဝေပေးသော အချိန်မှသာလျှင် ငွေသားအဖြစ် ပြန်ရနိုင်ပါမည်။ ကျန်သော အချိန်တွင် ငွေသားအဖြစ် ပြောင်းလဲလိုပါက (က) အခြားလူပုဂ္ဂိုလ်တစ်ဦးဦးအား တန်ဖိုးတစ်ခုဖြင့် ရောင်းချပေးခြင်း၊ (ခ) ကုမ္ပဏီက စတော့အိတ်ချိန်း စာရင်းဝင်ပြီးဖြစ်ပါက မိမိ၏ အစုရှယ်ယာများကို စတော့ဈေးကွက်မှတစ်ဆင့် ကမ်းလှမ်းရောင်းချခြင်းများ ပြုလုပ်နိုင်ပါသည်။ ထို့ပြင် ကုမ္ပဏီတွင် ငွေသားပိုလျှံမှုများ ရှိပါက ကုမ္ပဏီ၏ ထုတ်ပြီးသော အစုရှယ်ယာများကို ကုမ္ပဏီက ပြန်ဝယ်ယူခြင်းများလည်း တည်ဆဲဥပဒေအတိုင်း ဆောင်ရွက်နိုင်ပါသည်။