အုပ်ချုပ်မှုဒါရိုက်တာ၏ အိတ်ဖွင့်ပေးစာ

လေးစားအပ်ပါသော အစုရှယ်ယာရှင်များခင်ဗျား –

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး၊ ကိုဗစ်-၁၉ ကပ်ရောဂါဘေးမှ ကင်းဝေးကြပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။ ယခုအိတ်ဖွင့်ပေးစာသည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများနှင့် ဘဏ္ဍာရေး အခြေအနေများ ဖြစ်ကြောင်း ပဏာမ အစီရင်ခံအပ်ပါသည်။

သက္ကရာဇ် ၂၀၂၀ ပြည့်နှစ်နှင့် ကိုဗစ်-၁၉ ကပ်ရောဂါဆိုး

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလတွင် တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှ စတင်ဖြစ်ပွားခဲ့သော Coronavirus Disease 2019 (COVID-19) သည် ကမ္ဘာတစ်ဝှမ်းသို့ ကူးစက်ပြန့်ပွားကာ ယခုအစီရင်ခံသည့်ကာလတွင် မြန်မာနိုင်ငံအတွက် ကူးစက်မှုအမြင့်ဆုံး အခြေအနေဟု ယူဆရပါသည်။ ရောဂါကာကွယ်ဆေးများကို တိုးတက်သည့်နိုင်ငံများမှ ကြိုးပမ်းထုတ်လုပ်ကာ စတင်အသုံးပြုလျက်ရှိသောကြောင့် ကူးစက်မှုများကိုထိန်းချုပ်ဟန့်တားနိုင်မည်ဟု ယုံကြည်ပါသည်။

COVID-19 ကပ်ရောဂါဆိုးကြောင့် ကမ္ဘာတစ်ဝှမ်းရှိစီးပွားရေးလုပ်ငန်းအတော်များများ ကြီးမားစွာထိခိုက်နစ်နာခဲ့ရသကဲ့သို့ မိမိတို့မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍကိုလည်း ကြီးမားစွာထိခိုက်နစ်နာစေခဲ့ပါသည်။ COVID-19 ကူးစက်ရောဂါဖြစ်ပေါ်နေသည့် ကာလအတွင်းတွင် ကုမ္ပဏီရပ်တည်နိုင်ရေးအတွက် ကပ်ရောဂါအန္တရာယ်ကြားမှ လုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်ခဲ့ရသော်လည်း ပညာရှင်များမလာရောက်နိုင်ခြင်း၊ လုပ်သားများလိုအပ်သည့် အရေအတွက် မခေါ်ဆောင်နိုင်ခြင်း၊ တည်ဆောက် ရေးလုပ်ငန်းသုံးပစ္စည်းများ ဝယ်ယူမှုမပြုနိုင်ခြင်း၊ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှုများအား ကန့်သတ်ပိတ်ဆို့ခြင်း၊ စီးပွားရေးဖွံ့ဖြိုးမှုကဏ္ဍအား Online မှတဆင့် ဆောင်ရွက်ရခြင်း စသည်တို့ကြောင့် ထင်သလောက်ခရီးမပေါက်ခဲ့ရပါ။

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ခဲ့သည့်လုပ်ငန်းများ

၁။ မူဆယ်-နမ့်ခမ်းလမ်းအပိုင်း အဆင့်မြှင့်တင်ခြင်းစီမံကိန်း

မူဆယ်-နမ့်ခမ်းလမ်းအပိုင်းသည် မန္တလေး-လားရှိုး-မူဆယ်-နမ့်ခမ်း-ဗန်းမော်-မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီးဖြစ်သကဲ့သို့ သမိုင်းဝင်လီဒိုလမ်းမကြီးလည်းဖြစ်ပါသည်။ မူဆယ်-နမ့်ခမ်းလမ်းအပိုင်းကို ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် Oriental Highway Co., Ltd. တို့အကြား Build-Operate-Transfer (BOT) စနစ်ဖြင့် ရင်းနှီးမြှုပ်နှံသည့်လုပ်ငန်းဖြစ်ပါသည်။

မူဆယ်-နမ့်ခမ်းလမ်းအပိုင်းသည် ၂၂ မိုင်ရှည်လျားပြီး၊ ၁၈ ပေအကျယ်ရှိသည့် ကတ္တရာလမ်းဖြစ်ပါသည်။ နေ့စဉ်ယာဉ်သွားလာမှုအရေအတွက် တိုးပွားလာမှုကြောင့် Oriental Highway Co., Ltd. နှင့် မိမိတို့ကုမ္ပဏီအကြား တန် ၆၀ ခံနိုင်ဝန်ရှိသည့် ၂၄ ပေအကျယ်နှင့် ၅ မိုင်အရှည်ကို ကွန်ကရစ်လမ်းအဖြစ်သို့ အဆင့်မြှင့်တင်ရန် သဘောတူညီမှုရရှိခဲ့ကာ ၂၀၁၉ ခုနှစ်၊ မတ်လမှစတင်၍ စီမံကိန်းလုပ်ငန်းများကို အကောင်အထည် ဖော်ဆောင်ခဲ့ပါသည်။

လုပ်ငန်းလိုအပ်ချက်အရ ဒုတိယအဆင့်နောက်တိုးလုပ်ငန်း ၅ မိုင်ကို ဆက်လက်အဆင့်မြှင့်တင်ရန် သဘောတူညီမှုထပ်မံရရှိခဲ့သော်လည်း ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် လုပ်ငန်းများကို ခေတ္တရပ်ဆိုင်းထားရကာ ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလကုန်အထိ စုစုပေါင်း ၆ မိုင် ၆ ဖာလုံကိုသာ တည်ဆောက်ပြီးစီးခဲ့ပါသည်။

၂။ ဝမ့်နောင် အသေးစားရေအားလျှပ်စစ်စီမံကိန်း

ဝမ့်နောင်ရေအားလျှပ်စစ်စီမံကိန်းသည် တပ်ဆင်စက်အင်အား ၂၆၀ ကီလိုဝပ်ရှိပြီး သီပေါမြို့နယ်၊ ဝမ့်နောင်ကျေးရွာအနီးတွင်တည်ရှိသည့် နမ့်လာချောင်းရေအရင်းအမြစ်ကိုအသုံးပြု၍ တည်ဆောက်ထားသည့် အသေးစားရေအားလျှပ်စစ်စီမံကိန်းတစ်ခုဖြစ်ပါသည်။ အဆိုပါစီမံကိန်းအား ရင်းနှီးမြှုပ်နှံသူများ၏ ဖိတ်ခေါ်ချက်အရ ဒီဇိုင်းအပိုင်းနှင့် စက်ယန္တရားငှါးရမ်းမှုအပိုင်းကို ကန်ထရိုက်စနစ်ဖြင့် ဖော်ဆောင်လျက်ရှိပါသည်။

ဝမ့်နောင်ကျေးရွာအုပ်စုနှင့် အနီးဝန်းကျင်ရှိရွာများ၏ လက်ဖက်စိုက်ပျိုးရေးလုပ်ငန်းများမှာ စုစုပေါင်းဧက တစ်သောင်းဝန်းကျင်ခန့်ရှိသောကြောင့် ဝမ့်နောင်ကျေးရွာသူ/သားများကစုပေါင်းကာ ဝမ့်နောင် လက်ဖက် အချိုခြောက်စက်ရုံတည်ထောင်၍ ကုန်ချောများထုတ်လုပ်လျက်ရှိပါသည်။ အချိုခြောက်ထုတ်လုပ်ရာတွင် စက်ရုံအတွက်လိုအပ်သည့် လျှပ်စစ်ဓာတ်အားများကို ဒီဇယ်လျှပ်စစ်မီးဖြင့် ပံ့ပိုးထုတ်လုပ်ရသောကြောင့် ၎င်းတို့အတွက် စီးပွားရေးတွက်ခြေကိုက်မှု နည်းပါးခဲ့သဖြင့် အသေးစားရေအားလျှပ်စစ်စီမံကိန်းကို တည်ဆောက်ရခြင်းဖြစ်ပါသည်။

၃။ သုဝဏ္ဏမိဂဒါ မဟာစေတီတော်စီမံကိန်း

သုဝဏ္ဏမိဂဒါ မဟာစေတီတော်စီမံကိန်းသည် နာယကဆရာတော်မျာ းဖြစ်ကြသည့် ဆရာတော် ဘဒ္ဒန္တနရနာထ၊ ဆရာတော် ဘဒ္ဒန္တဝိသုဒ္ဓနှင့် ဆရာတော် ဘဒ္ဒန္တသောဘနတို့၏ သြဝါဒနှင့်အညီ  တိုင်းရင်းသားပြည်သူများကစုပေါင်းလှူဒါန်းကြကာ မူဆယ်မြို့၏အမြင့်ဆုံးတောင်ဖြစ်သော လွယ်တိန်ခမ်း တောင်တော်၌တည်ရှိကာ ပင်လယ်ရေမျက်နှာပြင်အမြင့် ၃၁၂၇ ပေတွင် တည်ထားကိုးကွယ်မည့် ဉာဏ်တော် ၁၆၂ ပေရှိ ရှမ်းရိုးရာစေတီတော်ဒီဇိုင်းပုံစံဖြစ်ပါသည်။

စေတီတော်စီမံကိန်းကို ၂၀၁၄ ခုနှစ်ကတည်းက စတင်ခဲ့သော်လည်း အလှူငွေရရှိမှုအခြေအနေအပေါ်အခြေခံ၍ တည်ဆောက်ရခြင်းကြောင့် နှစ်အလိုက်စီမံချက်ချမှတ်ကာ တည်ဆောက်ရသောစီမံကိန်းဖြစ်ပါသည်။ ယခုအခါ စေတီတော်ရင်ပြင်အထက်ပိုင်းကို တည်ဆောက်လျက်ရှိပါသည်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်းတွင် စေတီတော်၏အကြမ်းထည်လုပ်ငန်းများအားလုံးကို အပြီးဆောင်ရွက်ရန် စေတီတော်တည်ဆောက်ရေးကော်မတီက လျာထားပါသည်။

ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ

၁။ နမ့်ပေါ် ရေအားလျှပ်စစ်စီမံကိန်း

နမ့်ပေါ်ရေအားလျှပ်စစ်စီမံကိန်းသည် မူဆယ်မြို့ရှိ နမ့်ပေါ်ချောင်းရေအရင်းအမြစ်ကို အသုံးပြုတည်ဆောက်မည့် တပ်ဆင်စက်အင်အား ၂၀ မဂ္ဂါဝပ်ရှိ လျှပ်စစ်စီမံကိန်းတစ်ခုဖြစ်ပြီး ကုမ္ပဏီ၏ အဓိကကျသော ရေရှည်ရင်းနှီးမြှုပ်နှံမှုတစ်ခုလည်း ဖြစ်ပါသည်။ စီမံကိန်းလုပ်ကိုင်ဆောင်ရွက်ခွင့်ရရှိရန် ၂၀၁၃ ခုနှစ်မှ စတင်အဆိုပြုတင်ပြခဲ့ပြီး နားလည်မှုစာချွန်လွှာရေးထိုးခြင်း၊ ပဋိညာဉ်စာချုပ်ချုပ်ဆိုခြင်း၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ခွင့်ပြုမိန့်ရရှိခြင်း၊ ESIA Scoping Proposal ခွင့်ပြုမိန့်ရရှိခြင်း၊ ဓာတ်အားဝယ်ယူရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်း စသည့် အဆင့်ဆင့်သော ဖွံ့ဖြိုးမှုလုပ်ငန်းစဉ်များကို ဆောင်ရွက်ပြီးစီးခဲ့ပြီး တည်ဆောက်မှုအနေနှင့် အကြိုအင်ဂျင်နီယာလုပ်ငန်းများကို ကြိုတင်ဆောင်ရွက်ထားရှိပြီး ဖြစ်ပါသည်။

ကုမ္ပဏီအနေဖြင့် ပဋိညာဉ်စာချုပ်လက်မှတ်ရေးထိုးပြီးချိန် ၃ နှစ်တာ ကာလအတွင်း နိုင်ငံခြားငွေကြေး လဲလှယ်မှုနှုန်းထား ရုတ်တရက်အဆမတန်မြင့်တက်ခြင်း၊ ဒေသတွင်းစစ်ပွဲများ ကာလရှည်ဖြစ်ပွားခြင်းတို့ကြောင့် စီမံကိန်းသတ်မှတ်ကာလအတွင်း နှောင့်နှေးကြန့်ကြားမှုများ ဖြစ်ပေါ်ခဲ့ရသည့်အတွက် စီမံကိန်းသက်တမ်းတိုးမြင့်ပေးပါရန် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှတဆင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ တင်ပြခဲ့သည့်အပေါ် စီမံကိန်းကာလသက်တမ်းအား ၂၀၂၀ ပြည့်နှစ်၊ မေလ ၂၅ ရက်နေ့မှ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်နေ့အထိ ၁၈ လ တိုးမြင့်ဆောင်ရွက်ခွင့်ပြုခဲ့ပါသည်။ ထို့အတူ ရင်းနှီးမြှုပ်နှံမှုအား ပိုမိုတွက်ခြေကိုက်မှုရှိစေရန်နှင့် ဘဏ္ဍာရေးစီမံခန့်ခွဲမှုများကို အဆင်ပြေချောမွေ့စွာ ဆောင်ရွက်သွားနိုင်ရန် ဓာတ်အားဝယ်ယူရေးသဘောတူညီမှုစာချုပ်ပါ အချက်အလက်များနှင့်အညီ ဓာတ်အားခတိုးမြှင့်ပေးနိုင်ရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသို့ တင်ပြလမ်းညွှန်မှု ခံယူထားပါသည်။

အခြားတစ်ဖက်တွင်လည်း စီမံကိန်းလုပ်ငန်းအတွက် လုပ်ငန်းဆောင်ရွက်မှုပုံစံအား ပိုမိုထိရောက်မှုရှိစေမည့် Business Model မျိုးဖြင့် လုပ်ကိုင်ဆောင်ရွက်သွားနိုင်ရေးအတွက် စီမံကိန်းအား စိတ်ဝင်စားကြသည့် စီးပွားရေးအဖွဲ့အစည်းများနှင့် ညှိနှိုင်းဆွေးနွေးပြင်ဆင်လျက်ရှိပါသည်။ စီမံကိန်းဧရိယာအတွင်း အကြိုအင်ဂျင်နီယာ လုပ်ငန်းပိုင်း အသင့်ဆောင်ရွက်ထားရှိပြီးဖြစ်သည့်အတွက် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလတွင် ပင်မတည်ဆောက်ရေးလုပ်ငန်းများအား စတင်ဆောင်ရွက်သွားနိုင်ရန်စီစဉ်ထားပြီး ၂၀၂၃ ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် လုပ်ငန်းများ အပြီးသတ်နိုင်ရေးအတွက် အားထည့်ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ပေသည်။

၂။ မူဆယ်မြို့ အမှိုက်နှင့် မိလ္လာသိမ်းဆည်းရေးဝန်ဆောင်မှုလုပ်ငန်း

အမှိုက်နှင့် မိလ္လာသိမ်းဆည်းရေးဝန်ဆောင်မှုလုပ်ငန်းကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ရှမ်းပြည်နယ်စည်ပင်သာယာရေးကော်မတီ၏ လမ်းညွှန်မှုနှင့်အညီ ၂၀၂၀ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့တွင် မူဆယ်မြို့နယ် စည်ပင်သာယာရေးကော်မတီနှင့် မိမိတို့၏ကုမ္ပဏီခွဲဖြစ်သော Twins Industry Limited တို့အကြား နှစ် ၃၀ (+၁၀+၁၀ = ၅၀ နှစ်) ဝန်ဆောင်မှုလုပ်ငန်းစာချုပ်ချုပ်ခဲ့ပြီး၊ ၂၀၂၀ ခုနှစ်၊ ဇွန်လ၊ ၆ ရက်နေ့တွင် လုပ်ငန်းများကိုစတင်ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါလုပ်ငန်းကို ကျပ်သိန်း ၅,၀၀၀ ရင်းနှီးမြှုပ်နှံခဲ့ပြီး၊ ဝန်ထမ်းနှင့် လုပ်သားအင်အား ၉၃ ဦး၊ စက်/ယာဉ်/ယန္တရားမျိုးစုံ ၂၆ စီးတို့ဖြင့် လုပ်ငန်းများကို အောင်မြင်စွာဖြင့် ဆောင်ရွက်လျက်ရှိပါသည်။ ဝန်ဆောင်မှုလုပ်ငန်းနှင့် ဆက်စပ်၍ ပြန်လည်အသုံးပြုနိုင်သည့် စွန့်ပစ်ပစ္စည်းများအား ရွေးထုတ်သန့်စင် ရောင်းချခြင်းကို ဆောင်ရွက်လျက်ရှိပြီး မြေသြဇာ ထုတ်လုပ်ခြင်းလုပ်ငန်းအား ဆောင်ရွက်နိုင်ရန် ပြင်ဆင်လျက်ရှိပါသည်။ ထို့ပြင် အမှိုက်ထွက်ရှိမှု ပမာဏမြင့်မားလာပါက အမှိုက်မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းလုပ်ငန်းများကိုလည်း လုပ်ကိုင်သွားနိုင်ရန် စူးစမ်းလေ့လာလျက်ရှိပါသည်။

၃။ တည်ဆောက်ရေးလုပ်ငန်းသုံး ကုန်ထုတ်လုပ်မှုလုပ်ငန်း

အသင့်ဖျော်ကွန်ကရစ် ထုတ်လုပ်ခြင်းလုပ်ငန်း

အသင့်ဖျော်ကွန်ကရစ် ထုတ်လုပ်ခြင်းလုပ်ငန်းအတွက် ကွန်ကရစ်ဖျော်စက် (HZ60) ကို ၂၀၁၉ ခုနှစ်ဆန်းပိုင်းတွင် တည်ထောင်ခဲ့ပြီး၊ မိမိတို့၏ တည်ဆောက်ရေးလုပ်ငန်းများတွင် အသုံးပြုသကဲ့သို့ ပြင်ပတည်ဆောက်ရေးလုပ်ငန်းများသို့လည်း ရောင်းချပေးလျက်ရှိပါသည်။ အစီရင်ခံသည့်ဘဏ္ဍာနှစ်အတွင်း ကွန်ကရစ် ၁၅,၀၀၀ ကုဗမီတာနှင့် Cement Stabilized ၁၃,၀၀၀ ကုဗမီတာ စုစုပေါင်း ၂၈,၀၀၀ ကုဗမီတာထုတ်လုပ်ခဲ့ပါသည်။

ကွန်ကရစ်ဓာတ်အားတိုးဆေးရည်ထုတ်လုပ်ခြင်းလုပ်ငန်း

မိမိတို့၏ ကုမ္ပဏီခွဲဖြစ်သော HPA Con-Gent Co., Ltd. သည် မန္တလေးမြို့တွင် စက်ရုံတည်၍ ကွန်ကရစ်ဓာတ်အားတိုးဆေးရည်ထုတ်လုပ်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ အစီရင်ခံသည့်ဘဏ္ဍာရေးနှစ်အတွင်း စုစုပေါင်းတန်ချိန် ၁၀၃ တန်သာ ထုတ်လုပ်ရောင်းချနိုင်ခဲ့ပါသည်။ ဒါရိုက်တာအဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်အရ အဆိုပါစက်ရုံအား မူဆယ်မြို့သို့ ပြောင်းရွှေ့ထုတ်လုပ်ရန် လျာထားပါသည်။

ရေသဲထုတ်လုပ်ခြင်းလုပ်ငန်း

စီမံကိန်းလုပ်ငန်းများနှင့် မူဆယ်မြို့တွင်း တည်ဆောက်ရေးလုပ်ငန်းများအတွက် ထုတ်လုပ်ရောင်းချလျက်ရှိရာတွင် အစီရင်ခံသည့်ဘဏ္ဍာရေးနှစ်အတွင်း စုစုပေါင်း ၂၉,၅၀၀ ကုဗမီတာသာ ထုတ်လုပ်ရောင်းချနိုင်ခဲ့ပါသည်။

စီးပွားရေးဖွံ့ဖြိုးမှုကဏ္ဍ

စီးပွားရေးဖွံ့ဖြိုးမှုကဏ္ဍအနေဖြင့် ကွန်ကရစ်လမ်း တည်ဆောက်ရေးစီမံကိန်း၊ ရွာချင်းဆက် ဖွံ့ဖြိုးရေးလမ်းစီမံကိန်း၊ ပြန်လည်နေရာချထားရေးစီမံကိန်းနှင့် အသေးစား ရေလှောင်တမံစီမံကိန်း စသည်တို့ကို ကန်ထရိုက်စနစ်ဖြင့် လုပ်ငန်းများအား အကောင်အထည်ဖော်ဆောင်နိုင်ရေး ညှိနှိုင်းမှုများပြုလုပ်နေသော်လည်း လတ်တလော ဖြစ်ပေါ်နေသည့် ကူးစက်ရောဂါအခြေအနေကြောင့် ခေတ္တဆိုင်းငံ့ထားရပါသည်။ မည်သို့ပင်ဆိုစေကာမူ မူဆယ်ခရိုင်အတွင်းရှိ ဌာနဆိုင်ရာတင်ဒါလုပ်ငန်းများအား ဝင်ရောက်ယှဉ်ပြိုင်ခြင်းနှင့် ဒေသတွင်းရှိ အသေးစားအလတ်စားလုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြင့် ကုမ္ပဏီ၏ လုပ်ငန်းလည်ပတ်မှုများအား အရှိန်မပြတ် ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပါသည်။

Pre-Listing Board (PLB)

Pre-Listing Board (PLB) သည် YSX တွင် စာရင်းမဝင်ရသေးသော အများနှင့်သက်ဆိုင်သောကုမ္ပဏီများ ရင်းနှီးမြှုပ်နှံမှုရှာဖွေရန်နှင့် YSX တွင် စာရင်းဝင်နိုင်ရေး ပေါင်းကူးတံတားတစ်စင်းသဖွယ်ဖြစ်စေရန် YSX ၏စျေးကွက်အသစ်ဖြစ်ပါသည်။ အောက်ဖော်ပြပါရည်ရွယ်ချက်များဖြင့် YSX မှ Pre-Listing Board (PLB) ကို ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။

( ၁ ) ရင်းနှီးမြှုပ်နှံမှုရှာဖွေရန်

( ၂ ) YSX စာရင်းဝင် ကုမ္ပဏီဖြစ်နိုင်ရန်

( ၃ ) ကော်ပိုရိတ်အလေ့အကျင့် မြင့်မားလာရန်

( ၄ ) ပွင့်လင်းမြင်သာပြီး မျှတသော အစုရှယ်ယာရောင်းဝယ်မှု ဖြစ်ထွန်းစေရန်

Pre-Listing Board (PLB) သို့ ဝင်ရောက်ရန် အောက်ပါအချက်အလက်များ လိုအပ်ပါမည်။

  1. ရှယ်ယာရှင် ၁၀၀ အထက်ရှိသည့် အများပိုင်ကုမ္ပဏီဖြစ်ခြင်း။
  2. ရှယ်ယာရှင် ၁၀၀ မပြည့်လျှင် PO ပြုလုပ်ခဲ့ဖူးခြင်း။
  3. MFRS သို့မဟုတ် IFRS ဖြင့် CPA လက်မှတ်ရရှိထားသူ စာရင်းစစ်ထားသော ဘဏ္ဍာရေးရှင်းတမ်းရှိခြင်း။
  4. ဥပဒေသတ်မှတ်ချက်အတိုင်း အခွန်ဆောင်ထားမှုရှိခြင်း။
  5. Book-entry transfer ဖြင့် ကုမ္ပဏီ၏ အစုရှယ်ယာစာရင်း လွှဲပြောင်းခြင်း။
  6. SECM ဥပဒေနှင့် သက်ဆိုင်ရာဥပဒေအတိုင်း ပြုကျင့်လိုက်နာခြင်း။
  7. ငွေကြေးခဝါချမှု(ML)နှင့် ငွေကြေးအတုအပပြုလုပ်မှု (CFT) ဥပဒေနှင့် မငြိစွန်းခြင်း။

မိမိတို့ကုမ္ပဏီသည် Pre-Listing Board သို့ စာရင်းဝင်ရောက်ရန် လိုအပ်သော သတ်မှတ်ချက်များ ပြည့်မီပြီးဖြစ်သကဲ့သို့ အစုရှယ်ယာရှင်များအတွက် (Liquidity) ငွေကြေးဖြစ်လွယ်စေရန် စာရင်းဝင်သင့်သော်လည်း မလိုလားအပ်သော ကုန်ကျစရိတ်များ မရှိစေရေးအတွက်လည်းကောင်း၊ အစုရှယ်ယာရှင်အကျိုးကို ပိုမိုဖြစ်ထွန်းစေရန်အတွက်လည်းကောင်း နမ့်ပေါ်ရေအားလျှပ်စစ် စီမံကိန်းအား အကောင်အထည် ဖော်ဆောင်ပြီးမှသာလျှင် ရန်ကုန်စတော့အိပ်ချိန်း (YSX)သို့ တိုက်ရိုက်စာရင်းဝင်မည်ဖြစ်ကြောင်း ၁၁.၁၁.၂၀၂၀ ရက်နေ့တွင် ကျင်းပပြုလုပ်သော ဒါရိုက်ဘုတ်အဖွဲ့ အစည်းအဝေးတွင် ဆုံးဖြတ်ချက်ချမှတ်ထားပါသည်။

ဘဏ္ဍာရေးကဏ္ဍ

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကန်ထရိုက်လုပ်ငန်းများ ပိုမိုများပြားလာပြီး အကျိုးအမြတ်ပိုင်းကို ဖော်ဆောင်ပေးနိုင်ရန် ကုမ္ပဏီအနေဖြင့် မျှော်မှန်းခဲ့သော်လည်း မထင်မှတ်သော ရောဂါကပ်ဘေးအခြေအနေကျရောက်မှုကြောင့် ရရှိထားသောကန်ထရိုက်လုပ်ငန်းမှာ နှောင့်နှေးကြန့်ကြာမှု အခက်အခဲများ ဖြစ်ပေါ်ခြင်း၊ ဆွေးနွေးထားသော လုပ်ငန်းသစ်များမှာ အသီးသီးဆိုင်းငံ့မှုပြုကြခြင်းတို့ကြောင့် လုပ်ငန်းလည်ပတ်မှုပိုင်းကိုပင် အလျဉ်မပြတ်အောင် ထိန်းမ’ထောက်ကန်ခဲ့သည့်အနေအထား ဖြစ်ခဲ့ရပြီး နိုင်ငံအဝှမ်း အခြားသောတည်ဆောက်ရေးလုပ်ငန်းများ တွေ့ကြုံရင်ဆိုင်ခဲ့ရသကဲ့သို့ မျှော်မှန်းထားသလို အကျိုးအမြတ်ဖော်ဆောင်နိုင်ခြင်းမရှိခဲ့ပါ။ ထို့အတူ အခြားတစ်ဖက်တွင် လုပ်ငန်းအသစ်ဖြစ်သည့် အမှိုက်နှင့်မိလ္လာသိမ်းဆည်းရေးဝန်ဆောင်မှုလုပ်ငန်း ရင်းနှီးမြှုပ်နှံမှုအတွက် လူအား ငွေအား စိုက်ထုတ်မှုပြုရခြင်း၊ နမ့်ပေါ်ရေအားလျှပ်စစ်စီမံကိန်းဖော်ဆောင်မှုအပိုင်းကို ထပ်မံ၍ ရှေ့တိုးဆောင်ရွက်ရန် ပြင်ဆင်နေရခြင်းတို့ကြောင့် တင်ပြပါဘဏ္ဍာနှစ်အတွက်လည်း အစုရှယ်ယာရှင်များသို့ အမြတ်ဝေစုခွဲပေးနိုင်ခြင်းမရှိပါကြောင်း တင်ပြအပ်ပါသည်။ ဘဏ္ဍာရေးအစီရင်ခံစာအရ ၂၀၁၉-၂၀၂၀ ကုန်ဆုံးချိန်တွင် ကုမ္ပဏီ၏ ဘဏ္ဍာရေးအခြေအနေအချုပ်မှာ အောက်ပါအတိုင်းဖြစ်ပါသည် –

ကုမ္ပဏီ၏အသားတင်ပိုင်ဆိုင်မှု – ၁၄,၄၃၆.၀၇ ကျပ်သန်း

ရှယ်ယာတစ်စောင်၏ စာရင်းတန်ဖိုး – ၂,၀၂၀.၇၈ ကျပ်

နိဂုံး

အချုပ်အားဖြင့်ဆိုရသော် ၂၀၁၉-၂၀၂၀ ခုနှစ်အတွင်းတွင် ကမ္ဘာ့စီးပွားရေးလုပ်ငန်းတော်တော်များများသည် ကိုဗစ်-၁၉ ကပ်ရောဂါဆိုး၏ ရိုက်ခတ်မှုအောက်တွင်စီးပွားရေးကျဆင်းမှုဒဏ် အလူးအလွန့်ခံစားခဲ့ရသည့်နှစ်တစ်နှစ်ဟုဆိုလျှင် မမှားပေ။ ထိုမတိုင်ခင်တွင်လည်း ကမ္ဘာ့အင်အားကြီး နိုင်ငံများဖြစ်ကြသော အမေရိကန်နှင့်တရုတ်တို့၏ ကုန်သွယ်ရေးစစ်ပွဲ အားပြိုင်မှုကြားဝယ် ၎င်းတို့နှင့် စီးပွားရေးအရ အမှီသဟဲ ရှိနေကြသည့် နိုင်ငံများအဖို့ ထင်သလောက် ခရီးမပေါက်မှုများ ကြုံတွေ့ခဲ့ကြရပါသည်။ ဤသို့ဖြင့် နိုင်ငံကြီးများကြားက စီးပွားရေးပဋိပက္ခနှင့်အတူ အခြားတစ်ဖက်တွင် ကွတ်ခိုင်-မူဆယ်-နမ့်ခမ်း ဒေသအတွင်း တိုက်ပွဲများကြောင့် နယ်မြေအေးချမ်းတည်ငြိမ်မှုမရှိခြင်း၊ ကပ်ရောဂါဆိုးကြီး ကျရောက်ခြင်းတို့က နယ်စပ်ကုန်သွယ်ရေ းလမ်းကြောင်းအတွင်း ကုန်စည်စီးဆင်းမှု နှောင့်နှေးစေခဲ့ပြီး ဒေသ၏ စီးပွားရေးလုပ်ငန်းများအား ထိခိုက်သည့် အကျိုးသက်ရောက်မှု ဖြစ်ပေါ်ခဲ့ပါသည်။

မည်သို့ဆိုစေ ကုမ္ပဏီအနေဖြင့် ၈ နှစ်တာကာလအတွင်း ဆူကြုံနိမ့်မြင့်များကို ဖြတ်ကျော်လာနိုင်ခဲ့ပြီး လက်ရှိအနေအထားအရ အခက်အခဲများ၊ စိန်ခေါ်မှုများကြုံနေရသည့်တိုင် ရေရှည်အတွက် ခိုင်မာသော ရင်းနှီးမြှုပ်နှံမှုများကို ရင်းနှီးမြှုပ်နှံဖော်ဆောင်ထားခဲ့ပြီးဖြစ်၍ ကောင်းမွန်သော အလားအလာများမှာ အနာဂတ်တွင်စောင့်ကြိုနေပြီ ဖြစ်ပါသည်။ ပြန်ရချက် ကောင်းမွန်သော ရင်းနှီးမြှုပ်နှံမှုတိုင်းတွင် ကြီးမားသော စွန့်စားမှု ရှိကြလေ့ရှိသည်နှင့်အညီ လျော်ကန်သော စွန့်စားမှုအတွက် ထိုက်သင့်သော အောင်မြင်မှု ဆုလဒ်ကို ဆွတ်ခူးကြရစမြဲဖြစ်သည်။ မိမိတို့အနေနှင့် ရေရှည်ကာလအတွက် အလားအလာ ကောင်းများကို ဖန်တီးပေးရင်း ရေတိုကာလအတွင်း အခြေအနေမျာ းပေးလာပါကလည်း အစုရှယ်ယာရှင်များ အားလုံးအဖို့ အကျိုးအမြတ်များကို ဆောင်ကြဉ်းပေးနိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ပါသည်။’

ဖြတ်သန်းလာခဲ့သည့် ၈ နှစ်တာကာလအတွင်း ကုမ္ပဏီအား အစဉ်တစိုက် အားပေးယုံကြည်ခဲ့ကြသည့် အနယ်နယ်အရပ်ရပ်မှ အစုရှယ်ယာရှင်များ၊ ပံ့ပိုးကူညီခဲ့ကြသည့် နယ်ပယ်အသီးသီးမှ ပညာရှင်များ၊ ထိန်းကျောင်းမောင်းနှင်လာသည့် အဆင့်ဆင့်သော ဦးဆောင်သူများ၊ ယုံကြည်စွာ လက်တွဲလုပ်ကိုင်ခဲ့ကြသည့် လုပ်ဖော်ကိုင်ဖက်များ၊ လမ်းမှန်သို့ရောက်အောင် အကြံကောင်းဉာဏ်ကောင်းများ ပေးခဲ့ကြသူများအားလုံးကို ကျေးဇူးဥပကာရ အထူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။ ရှေ့လျှောက်တွင်လည်း မိဘပြည်သူများ၏ မေတ္တာကိုခံယူရင်း ပြီးခဲ့သည့်ကာလများက ရရှိလာခဲ့သည့် အတွေ့အကြုံကောင်းများကို အကျိုးရှိစွာအသုံးချလျက် ပိုမိုကောင်းမွန်သောဘဝကို ဖန်တီးသွားမည်ဖြစ်ပါကြောင်း အစီရင်ခံတင်ပြအပ်ပါသည်။