Skip to main content
x

သုဝဏ္ဏမိဂဒါ မဟာစေတီတော် စီမံကိန်း

သုဝဏ္ဏမိဂဒါ မဟာစေတီတော်တည်ဆောက်ရေးစီမံကိန်းသည် မူဆယ်မြို့အတွင်းတည်ရှိ ကြီးကျယ် ခမ်းနားလှသည့် စီမံကိန်းတစ်ခု ဖြစ်ပြီး ၂၀၁၃ ခုနှစ်အတွင်းတွင် စတင်ခဲ့ပါသည်။ ၂၀၁၃ ခုနှစ်၊ မေလအတွင်းမှ စတင်ကာ အကောင်အထည်ဖော်မှုများဖြစ်သည့် စေတီတော်တည်ထားမည့် မြေနေရာအား တိုင်းတာပုံထုတ်ခြင်း၊ စေတီတော်တည်မည့် ကုန်းမြေထိပ်အား ဖြတ်ထုတ်ရမည့် မြေပမာဏ ခန့်မှန်းတွက်ချက်ခြင်းနှင့် မြေဖြတ်/ ညှိပြုပြင်ခြင်း၊ စေတီချဉ်းကပ်မြေသားလမ်းဖောက်လုပ်ခြင်း၊ အင်ဂျင်နီယာ ဘူမိစူးစမ်းလေ့လာမှုလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ တည်ဆောက်ရေးလုပ်ငန်းစတင်ခြင်းတို့ကို အဆင့်လိုက် ဖော်ဆောင်ခဲ့ရ ပါသည်။

စေတီတော် အူတိုင်အုတ်မြစ်သွန်းလောင်းခြင်းနှင့် ပလ္လင်တော်အောက်ခံတိုင် အချို့တို့၏ အုတ်မြစ်များအား သွန်းလောင်း ပြီးချိန်တွင် စေတီတော်၏ ဒီဇိုင်းပိုင်းနှင့်ပတ်သက်ပြီး ပြန်လည်ပြင်ဆင်ရေး ဆွဲညှိနှိုင်းဆောင်ရွက်ရန်ရှိသည့် အခြေအနေ များကြောင့် ၂၀၁၅ ဇူလှိုင်လခန့်မှ စတင်ကာ တည်ဆောက်မှုလုပ်ငန်းများကို ဆိုင်းငံ့ထားရှိရာမှ ၂၀၁၈ ခုနှစ်၊ မိုးနှောင်းပိုင်း ကာလတွင် ပြန်လည်စတင်နိုင်ခဲ့ခြင်းဖြစ်ပါသည်။

စီမံကိန်းသည် ကြီးမားသည့် စီမံကိန်း တစ်ခုဖြစ်သည့်အလျောက် တည်ဆောက်မှုလုပ်ငန်းအား ကောက်ခံရရှိသည့် အလှူဘဏ္ဍာတော်ငွေအနေအထားနှင့် ချိန်ဆ၍ ဆောင်ရွက်သွားရမည်ဖြစ်သည် နှင့်အညီ လုပ်ငန်းပြန်လည်စတင်ရာတွင် တည်ဆောက်မှုအပိုင်းလိုက် စာချုပ်ချုပ်ဆိုဆောင်ရွက်ပါသည်။ အောက်ဖော်ပြပါ အချက်အလက်သည် စေတီတော်၏ ပလ္လင်အမြင့်အထိ တည်ဆောက်သည့် လုပ်ငန်းဆိုင်ရာအချက်အလက်များဖြစ်ပါသည်။

ပထမအဆင့် တည်ဆောက်မှုဆိုင်ရာအချက်အလက်များ

စီမံကိန်းမည် - သုဝဏ္ဏမိဂဒါ မဟာစေတီတော်စီမံကိန်း
လုပ်ငန်းတည်နေရာ - ပွိုင့် ၃၁၂၇ တောင်ကုန်း၊ လွယ်တိန်ခမ်းတောင်တော်၊ မူဆယ်မြို့
လုပ်ငန်းအမျိုးအစား - အဆောက်အဦအကြမ်းထည်တည်ဆောက်မှုလုပ်ငန်း
လုပ်ငန်းအပ်နှံသူ - သုဝဏ္ဏမိဂဒါ မဟာစေတီတော် တည်ဆောက်ရေးကော်မတီ
လုပ်ငန်းဆောင်ရွက်သူ - ဂရိတ်ဟော်ခမ်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်

လုပ်ငန်းပမာဏ

စေတီတော်ပလ္လင် - ၂၀၄၀.၄၆ စတုရန်းမီတာ
စေတီတော် ရင်ပြင် - ၂၅၅၄.၉၈ စတုရန်းမီတာ
စာချုပ်လုပ်ငန်းတန်ဖိုး - ၅၇၉၆.၄၂ သိန်းကျပ် (၂,၇၂၄,၃၁၉ ယွမ်)
လုပ်ငန်းစတင်သည့်နေ့ - ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်
လုပ်ငန်းကာလ - ၅ လ