Skip to main content
x

ဒါရိုက်တာအဖွဲ့ စည်းမျဉ်းစည်းကမ်းများ

ပုဒ်မ ၁ - ရည်ရွယ်ချက်

အောက်ဖော်ပြပါ စည်းမျဉ်းစည်းကမ်းများကို ဒါရိုက်တာဘုတ်အဖွဲ့၏ စည်းမျဉ်းစည်းကမ်းများ ဟု ခေါ်ဆိုပြီး ဂရိတ်ဟော်ခမ်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်၏ ဒါရိုက်တာဘုတ်အဖွဲ့နှင့် သက်ဆိုင်သော ဆောင်ရွက်ချက်များကို ဖော်ပြမည်ဖြစ်သည်။

ပုဒ်မ ၂ - လုပ်ပိုင်ခွင့်အာဏာ

ဒါရိုက်တာဘုတ်အဖွဲ့၏ လုပ်ပိုင်ခွင့်အာဏာများမှာ နိုင်ငံတော်၏ တည်ဆဲဥပဒေ နည်းဥပဒေ၊ ထုတ်ပြန်ချက်၊ စည်းမျဉ်းစည်းကမ်းများနှင့် ဆန့်ကျင်ခြင်း မရှိသော ကုမ္ပဏီ၏ ဖွဲ့စည်းပုံ အခြေခံ စည်းမျဉ်းတွင် ဖော်ပြသည့် လုပ်ပိုင်ခွင့် အာဏာများကို လုပ်ဆောင်ခြင်း၊ အရာရှိများ၏လုပ်ငန်းတာဝန် ဆောင်ရွက်ချက်များကို ကြီးကြပ်ခြင်း တို့ဖြစ်သည်။ ဒါရိုက်တာဘုတ် အဖွဲ့က ကြီးကြပ်ဆုံးဖြတ်ရန် လိုအပ်သော၊ သို့မဟုတ် ဒါရိုက်တာအဖွဲ့သို့ အစီရင်ခံရန် လိုအပ်သော ကိစ္စရပ်များကို ဒါရိုက်တာ ဘုတ်အဖွဲ့၏ အသေးစိတ် စည်းမျဉ်းစည်းကမ်းများတွင် ကြည့်ရှုနိုင်ပါသည်။

ပုဒ်မ ၃ - အဓိပ္ပါယ်ဖွင့်ဆိုချက်


ဒါရိုက်တာဘုတ်အဖွဲ့ သည် ကုမ္ပဏီ၏ ဒါရိုက်တာဘုတ်အဖွဲ့ကို ဆိုသည်။
ကုမ္ပဏီ သည် ဂရိတ်ဟော်ခမ်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်ကို ဆိုသည်။
စည်းမျဉ်းစည်းကမ်း သည် ဒါရိုက်တာဘုတ်အဖွဲ့၏ စည်းမျဉ်းစည်းကမ်းကို ဆိုသည်။
ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း သည် ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းကို ဆိုသည်။
ဒါရိုက်တာ သည် ကုမ္ပဏီ၏ ဒါရိုက်တာကို ဆိုသည်။
အမှုဆောင်အရာရှိချုပ် (CEO) သည် ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ်ကို ဆိုသည်။
အုပ်ချုပ်မှုဒါရိုက်တာ (MD) သည် ကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာကို ဆိုသည်။

ပုဒ်မ ၄ -ဒါရိုက်တာဘုတ်အဖွဲ့

ဒါရိုက်တာဘုတ်အဖွဲ့သည် ကုမ္ပဏီ၏ အစုရှယ်ယာရှင်များအားလုံးကို ကိုယ်စားပြုပြီး အစု ရှယ်ယာရှင်များ၏ အကျိုးအမြတ်အတွက် ဖွဲ့စည်းပုံ အခြေခံ စည်းမျဉ်းနှင့်အညီ လုပ်ငန်း တာဝန်များ ကို ဆောင်ရွက်ပေးသော အဖွဲ့ ဖြစ်သည်။

ပုဒ်မ ၅ - အရေအတွက်

  1. ဒါရိုက်တာဘုတ်အဖွဲ့ဝင်များ၏ အရေအတွက်သည် အလွန်ဆုံး ကိုး (၉) ဦးထက် မလွန်စေရ။
  2. ထူးခြားသော အခြေအနေ အကြောင်းအရာရှိလျှင် ထိုက်တန်သော ပုဂ္ဂိုလ်တစ်ဦးဦးကို ဂုဏ်ထူးဆောင် ဒါရိုက်တာအဖြစ် ထားရှိနိုင်သည်။ သို့သော် ဂုဏ်ထူးဆောင် ဒါရိုက်တာများ သည် မဲပေးပိုင်ခွင့် မရှိစေရ၊ ဤဒါရိုက်တာဘုတ် အဖွဲ့တွင် ပါဝင် ရေတွက်ခြင်း မရှိစေရပါ။

ပုဒ်မ ၆ - ဖွဲ့စည်းမှု

ဒါရိုက်တာဘုတ်အဖွဲ့သည် ကုမ္ပဏီ၏ ဒါရိုက်တာများဖြင့်သာ ပါဝင်ဖွဲ့စည်းရမည်။

ပုဒ်မ ၇ - အမည်တင်သွင်းခြင်း၊ ရွေးချယ်ခြင်းနှင့် သက်တမ်းကာလ

ဒါရိုက်တာတိုင်းသည် ကုမ္ပဏီ၏ ဒါရိုက်တာဘုတ်အဖွဲ့ ရွေးချယ်ခြင်း လုပ်ထုံးလုပ်နည်းအတိုင်း သက်ဆိုင်သော လျှောက်လွှာကို တင်သွင်းလျှောက်ထားနိုင်သည်။ အရွေးချယ်ခံရသော ဒါရိုက်တာများ ၏ သက်တမ်း ကာလမှာ နှစ် (၂) နှစ်ဖြစ်သည်။ သို့သော် ဒါရိုက်တာများသည် ထပ်မံ အရွေးချယ် ခံနိုင်ခွင့် ရှိသည်။

ပုဒ်မ ၈ - အစည်းအဝေး အစီအစဉ်

  1. ဥပဒေမှ အခြားဖော်ပြချက်မရှိလျှင် ဒါရိုက်တာအဖွဲ့ အစည်းအဝေးကို ဒါရိုက်တာဘုတ် အဖွဲ့ဥက္ကဋ္ဌမှ ဦးဆောင်ကျင်းပရမည်။ အကြောင်းတစ်ခုခုကြောင့် ဥက္ကဋ္ဌက ဦးဆောင် ကျင်းပ နိုင်ခြင်းမရှိလျှင် ကြိုတင် သတ်မှတ်ထားသော ဒါရိုက်တာများ၏ အစဉ်အတိုင်း ဒါရိုက်တာ တစ်ဦးဦးက ဦးဆောင်ကျင်းပရမည်။
  2. ဒါရိုက်တာဘုတ်အဖွဲ့ အစည်းအဝေး ကျင်းပရာတွင် ရက်စွဲ၊ အချိန်နှင့် နေရာပါဝင်သော အကြောင်းကြား စာကို အစည်းဝေး မကျင်းပမီ ခုနစ် (၇) ရက် ကြိုတင်ပြီး ဒါရိုက်တာ ဘုတ်အဖွဲ့ဝင် အသီးသီးထံသို့ ပေးပို့ ရမည် ဖြစ်သည်။ အတည်ပြုသော အစီအဝေး အစီအစဉ်ကိုမူ အစည်းအဝေး မကျင်းပမီ နှစ်(၂)ရက် ကြိုတင်ပြီး ဒါရိုက်တာဘုတ် အဖွဲ့ဝင် အသီးသီးထံသို့ ပို့ပေမည်။ သို့သော် အထူး အရေးပေါ် အစည်းအဝေးတွင် သတ်မှတ်ထားသော အချိန်အတိုင်းအတာထက် လျှော့နည်းနိုင်သည်။
  3. ဒါရိုက်တာဘုတ် အဖွဲ့ အစည်းအဝေးကို ဒါရိုက်တာဘုတ် အဖွဲ့ဝင်များ အားလုံးက သဘောတူလျှင် အထက်တွင် ဖော်ပြခဲ့သည့် လုပ်ရိုးလုပ်စဉ် အတိုင်း မညီသော်လည်း ကျင်းပနိုင်သည်။
  4. ဒါရိုက်တာအသီးသီး၏ နေရပ်လိပ်စာ အပြောင်းအလဲ ရှိလျှင် ကုမ္ပဏီ၏ လူ့စွမ်းအား အရင်းအမြစ်ဌာန သို့မဟုတ် CEO ရုံးခန်းသို့ ချက်ချင်း အကြောင်းကြားရမည်။

ပုဒ်မ ၉ - အစည်းအဝေးပြင်ဆင်ခြင်း

ဒါရိုက်တာဘုတ်အဖွဲ့၏ အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် အတည်ပြုရန် လိုအပ်သော အချက်များကို အမှုဆောင် အရာရှိချုပ်/ အုပ်ချုပ်မှုဒါရိုက်တာ သို့မဟုတ် ဒါရိုက်တာအဖွဲ့ဥက္ကဋ္ဌမှ ပြင်ဆင်ရမည်။ သို့သော် အခြားဒါရိုက်တာ များကလည်း ဒါရိုက်တာဘုတ်အဖွဲ့ စဉ်းစားဆုံးဖြတ်ရန် လိုအပ်သော အခြားအချက်အလက်များကို အစည်း အဝေးထဲတွင် အဆိုပြုနိုင်သည်။

ပုဒ်မ ၁၀ - အစည်းအဝေးကျင်းပခြင်း

  1. ဒါရိုက်တာဘုတ်အဖွဲ့ ပုံမှန်အစည်းအဝေးကို အနည်းဆုံး နှစ်(၂)လ တစ်ကြိမ် ကျင်းပသည်။
  2. ဒါရိုက်တာဘုတ်အဖွဲ့ ပုံမှန်အစည်းအဝေးကို ကုမ္ပဏီ၏ ရုံးချုပ်တွင် ကျင်းပသည်။ သို့သော် လိုအပ်သည့်အတိုင်း သင့်လျော်သောနေရာ၌ သင့်လျော်သော ဆက်သွယ်ရေး နည်းလမ်း တစ်ခုခုဖြင့် ကျင်းပနိုင်သည်။
  3. ဒါရိုက်တာဘုတ်အဖွဲ့ အစည်းအဝေးကို မြန်မာ ဘာသာစကားဖြင့်သာ အသုံးပြုသည်။ လိုအပ်လျှင် အစည်းအဝေးတွင် ဘာသာပြန် အသုံးပြုနိုင်သည်။

ပုဒ်မ ၁၁ - အစည်းအဝေးသဘာပတိ

ဒါရိုက်တာဘုတ်အဖွဲ့ အစည်းအဝေးတွင် ဥက္ကဋ္ဌက သဘာပတိအဖြစ် ဆောင်ရွက်ရမည်ဖြစ်သည်။ ဥက္ကဋ္ဌက အကြောင်းတစ်ခုခုကြောင့် မတက်ရောက်နိုင်ခဲ့လျှင် ဥက္ကဋ္ဌကိုယ်စား ကြိုတင် သတ်မှတ် ထားသော ဒါရိုက်တာ များ၏ အစဉ်အတိုင်း ဒါရိုက်တာ တစ်ဦးဦးက သဘာပတိအဖြစ် ဦးဆောင်ကျင်းပရမည်။

ပုဒ်မ ၁၂ - အစည်အဝေးထမြောက်မှု

  1. ဒါရိုက်တာဘုတ်အဖွဲ့၏ ပုံမှန်အစည်းအဝေးတွင် အနည်းဆုံး အဖွဲ့ဝင် ၇၅% တက်ရောက်မှ အစည်းအဝေး ထမြောက်သည်။
  2. ဒါရိုက်တာဘုတ်အဖွဲ့၏ အထူးအစည်းအဝေးတွင် အနည်းဆုံး အဖွဲ့ဝင် ၆၅% တက်ရောက်မှ အစည်းအဝေး ထမြောက်သည်။

ပုဒ်မ ၁၃ - တက်ရောက်မှု

ဒါရိုက်တာဘုတ်အဖွဲ့ဝင်သည်

  1. ဒါရိုက်တာဘုတ်အဖွဲ့ ပုံမှန်အစည်းအဝေးတွင် အနည်းဆုံး ၇၅% တက်ရောက်ရမည်။
  2. ဒါရိုက်တာဘုတ်အဖွဲ့ အထူးအစည်းအဝေးတွင် အနည်းဆုံး ၆၅% တက်ရောက်ရမည်။
  3. နှစ်ပတ်လည် ရှယ်ယာရှင်များ အထွေထွေအစည်းအဝေးတွင် မပျက်မကွက် တက်ရောက်ရမည်။

ပုဒ်မ ၁၄ - အစည်းအဝေးဆုံးဖြတ်ချက်ထမြောက်မှု

  1. ဒါရိုက်တာဘုတ်အဖွဲ့ အစည်းအဝေးတွင် တက်ရောက်သော ဒါရိုက်တာဦးရေမှ မဲအရေအတွက် ၅၀% ကျော်လျှင် ဆုံးဖြတ်ချက်ထမြောက်ပါသည်။
  2. ဒါရိုက်တာဘုတ်အဖွဲ့ ဆုံးဖြတ်ချက်ချမှတ်မည့်ကိစ္စတွင် ဒါရိုက်တာတစ်ဦးဦး၏ အကျိုးစီးပွား ပဋိပက္ခနှင့် အထူး ပတ်သက်နေလျှင် ဆုံးဖြတ်မှုတွင် အဆိုပါ ပတ်သက်သည့် ဒါရိုက်တာက မဲပေးပိုင်ခွင့် မရှိပါ။
  3. မဲပေးရာတွင် လက်မြှောက်ခြင်းဖြင့်ဖြစ်စေ၊ စာရေးသားခြင်းဖြင့်ဖြစ်စေ၊ အီလက်ထရောနစ် မှတ်တမ်းဖြင့် ဖြစ်စေ မဲပေးနိုင်သည်။

ပုဒ်မ ၁၅ - အခြားအရာရှိများ တက်ရောက်မှု

ဒါရိုက်တာဘုတ်အဖွဲ့က သင့်လျော်သည်ဟု ယူဆလျှင် အခြားအရာရှိများ သို့မဟုတ် အခြားပုဂ္ဂိုလ်များလည်း ဒါရိုက်တာဘုတ်အဖွဲ့ အစည်းအဝေးသို့ တက်ရောက်နိုင်သည်။ သို့သော် ဒါရိုက်တာဘုတ်အဖွဲ့ဝင် မဟုတ်သော အဆိုပါ အခြားအရာရှိများ၊ အခြားပုဂ္ဂိုလ်များသည် မဲပေးပိုင်ခွင့် မရှိပါ။

ပုဒ်မ ၁၆ - အစည်းအဝေးမှတ်တမ်း

  1. ဒါရိုက်တာဘုတ်အဖွဲ့ အစည်းအဝေးတွင် ဆွေးနွေးသော အစဉ်လိုက်အကြောင်းအရာများ၊ ဆုံးဖြတ်ချက်များကို မြန်မာစာဖြင့် မှတ်တမ်း တင်ထား ရမည်ဖြစ်ပြီး အစည်းအဝေး မှတ်တမ်းတွင် တက်ရောက်သော ဒါရိုက်တာ အသီးသီး၏ လက်မှတ်ပါရှိရမည်။
  2. အစည်းအဝေးမှတ်တမ်းကို အစည်းအဝေး ကျင်းပပြီးနောက် ရုံးဖွင့်ရက် ခုနစ် (၇) ရက်အတွင်း အပြီးအစီး ရေးသား ပြုစုရမည်။
  3. အစည်းအဝေးမှတ်တမ်းကို ကုမ္ပဏီ၏ ရုံးချုပ်တွင် ဆယ်(၁၀)နှစ် သိမ်းဆည်းထားရမည်။

ပုဒ်မ ၁၇ - CEO ရုံးခန်း / အထွေထွေအတွင်းရေးမှူးရုံး

ကုမ္ပဏီ၏ CEO ရုံခန်း သို့မဟုတ် အထွေထွေ အတွင်းရေးမှူးရုံးက ဒါရိုက်တာ ဘုတ်အဖွဲ့၏ စာရေးနှင့် မှတ်တမ်းမှတ်ရာများကို တာဝန်ယူ ဆောင်ရွက်ရမည်။

ပုဒ်မ ၁၈ - ပြင်ဆင်ခြင်း

ဒါရိုက်တာဘုတ်အဖွဲ့စည်းမျဉ်းစည်းကမ်းများ ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ခြင်းများကို ဒါရိုက်တာ ဘုတ်အဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်ဖြင့်သာ အတည်ဖြစ်သည်။

ပြင်ဆင်မှုများ -

  1. ရည်မှန်းချက်၊ ပုဒ်မနှင့် ခေါင်းစဉ်များကို ထည့်ခြင်း။
  2. ထပ်နေသော စည်းမျဉ်းစည်းကမ်းများကို ပယ်ဖျက်ခြင်း။
  3. ပုဒ်မ - ၅ နှင့် ပုဒ်မ - ၁၁ တို့ကို ဖြည့်စွက်ခြင်း။
  4. ကော်မတီများအတွက် စည်းမျဉ်းစည်းကမ်များ သီးသန့်ထားရှိခြင်းကြောင့် ဤဒါရိုက်တာဘုတ် အဖွဲ့ စည်းမျဉ်းစည်းကမ်းများတွင် ကော်မတီများနှင့် သက်ဆိုင်သည်များကို ပယ်ဖျက်ခြင်း။
  5. အစည်းအဝေးမှတ်တမ်းသိမ်းဆည်းမှုကို မူလ ငါး(၅)နှစ်မှ ဆယ်(၁၀)နှစ်သို့ ပြောင်းလဲခြင်း။
  6. အမည်ခံဒါရိုက်တာ (Alternate Directors) များ အခန်းကဏ္ဍကို ပယ်ဖျက်ခြင်း။
  7. စည်းမျဉ်းစည်းကမ်း ဖွဲ့စည်းပုံကို ပြန်လည်ပြင်ဆင်ပြီး ပိုမိုကျစ်လစ်စေခြင်း။