ၶေႃႈသဵင်ႇ

ဂရိတ်ဟော်ခမ်း အများပိုင်ကုမ္ပဏီလီမိတက်သည် ဆောက်လုပ်ရေးလုပ်ငန်းနှင့် အခြေခံအဆောက်အဦ လုပ်ငန်းများတွင် နိုင်ငံတကာအဆင့်မီ အရည်အသွေးမြင့် ဝန်ဆောင်မှုများဖြင့် တာဝန်ယူဆောင်ရွက်ပေးနိုင်သည့် ရှေ့ဆောင်ကုမ္ပဏီကြီးတစ်ခု ဖြစ်လာနိုင်ရန် မျှော်မှန်းထားသည့်အလျောက် လုပ်ငန်းလည်ပတ်မှုများတွင် ထိခိုက် နစ်နာစေနိုင်သည့် အတွင်းအပြင် နှစ်ဌာနမှ စွန့်စားမှုနှင့် အန္တရာယ်ဖြစ်မှုများကို အချိန်မီ ဖော်ထုတ်ပြီး သုတ်သင်ရှင်းလင်းနိုင်ရန် လိုအပ်ပါသည်။ စွန့်စားမှုနှင့် အန္တရာယ်ဖြစ်မှုများကို ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ခြင်း သည် လုပ်ငန်းတစ်ခု၏ အောင်မြင်ပေါက်မြောက်မှုအတွက် အခရာကျသည့်အချက်တစ်ချက်ဖြစ်သည်။ လုပ်ငန်းကို ကောင်းမွန်စွာ ကွပ်ကဲအုပ်ချုပ်နိုင်သည်ဟူ၍လည်း ဆိုနိုင်သည်။

စွန့်စားမှုနှင့် အန္တရာယ်ဖြစ်မှု စီမံခန့်ခွဲခြင်းနည်းလမ်းကို ခေတ်နှင့်အညီ ချဉ်းကပ်ပုံချင်း တိုးတက်ပြောင်းလဲ လာသည်ကို တွေ့ရသည်။ ဂရိတ်ဟော်ခမ်း အများပိုင်ကုမ္ပဏီလီမိတက်သည် လုပ်ငန်းများကို ဆောင်ရွက်ရာတွင် စွန့်စားမှုနှင့် အန္တရာယ်ဖြစ်မှုများ နည်းသထက်နည်းပါးစေရန် အဆိုပါ တိုးတက်ပြောင်းလဲလာသည့် နည်းစနစ်အတိုင်း လိုက်နာကျင့်သုံးပါသည်။ စွန့်စားမှုနှင့် အန္တရာယ်ဖြစ်မှု စီမံခန့်ခွဲခြင်းနည်းလမ်းနှင့် ပတ်သက်ပြီး ခေတ်ဟောင်းနှင့် ခေတ်သစ် တွေးခေါ်ပုံကွာခြားမှုကို အောက်တွင် နှိုင်းယှဉ်ပြထားသည်။

ဂရိတ်ဟော်ခမ်း အများပိုင်ကုမ္ပဏီလီမိတက်သည် ခေတ်သစ်တွေးခေါ်ပုံအတိုင်း စွန့်စားမှုနှင့်အန္တရာယ်များကို မဖြစ်ခင်တွင် ကြိုတင်ဖော်ထုတ်မှုပြုလုပ်ပြီး ထိန်းချုပ်ကာကွယ်သည့်နည်းလမ်းကို ကျင့်သုံးပါသည်။ လုပ်ငန်းများ ဆောင်ရွက်ရာတွင် လမ်းညွှန်မှုဖြစ်စေရန် စွန့်စားမှုနှင့်အန္တရာယ်ဖြစ်မှု စီမံခန့်ခွဲခြင်းဆိုင်ရာလက်စွဲစာအုပ်ကိုလည်း ပြင်ဆင်ထားလျက်ရှိသည်။ ဤမျှမက လုပ်ငန်းဆောင်ရွက်ချက်တိုင်းတွင် ဖြစ်နိုင်သော အတွင်းအပြင် နှစ်ဌာနမှ စွန့်စားမှုနှင့် အန္တရာယ်ဖြစ်မှုများကို အမြဲမပြတ် စောင့်ကြည့်လေ့လာခြင်း၊ အကဲဖြတ်ခြင်းများ ပြုလုပ်ပါသည်။ လုပ်ငန်းဆောင်ရွက်ချက်များတွင် ဖြစ်နိုင်သော စွန့်စားမှုနှင့် အန္တရာယ်ဖြစ်မှုများမှာ အောက်ပါအတိုင်းဖြစ်သည် -

ခေတ်ဟောင်းတွေးခေါ်ပုံခေတ်သစ်တွေးခေါ်ပုံ
အန္တရာယ်ဖြစ်ပွားခြင်း
အန္တရာယ်ဖြစ်နိုင်ခြေကို ရှာဖွေဖော်ထုတ်ခြင်း
စုံစမ်းစစ်ဆေးမှုပြုခြင်း
အန္တရာယ်ပြင်းထန်မှုကို တွက်ချက်ခြင်း
အကြောင်းရင်းကို ရှာဖွေခြင်း
ကြိုတင်ထိန်းချုပ်ကာကွယ်ခြင်း
ထိန်းချုပ်မှုပြုလုပ်ခြင်းအန္တရာယ်ကို ရှောင်ရှားခြင်း

စီမံခန့်ခွဲခြင်းလုပ်ငန်းမှ ဖြစ်နိုင်သော စွန့်စားမှုများ

ကုမ္ပဏီသည် စီမံခန့်ခွဲမှုမှ ဖြစ်နိုင်သော စွန့်စားမှုများကို ကောင်းစွာ နားလည်ထားသည့်အလျောက် စီမံခန့်ခွဲမှုပိုင်း တွင် အားနည်းချက်မရှိရလေအောင် စီစဉ်ဆောင်ရွက်သည်။ စီမံ ခန့်ခွဲမှုပိုင်းတွင် ဖြစ်နိုင်သော စွန့်စားမှုနှင့် အန္တရာယ်ဖြစ်မှုများမှာ (၁) စီမံခန့်ခွဲမှု စံချိန်မမီခြင်း၊ (၂) လုပ်ငန်းနှောင့်နှေးခြင်းနှင့် (၃) ထုတ်ကုန်အရည်အသွေး စံချိန်မမီခြင်းတို့ဖြစ်သည်။

လုပ်ငန်းများကို အန္တရာယ်ကင်းရှင်းပြီး ချောမွေ့စွာ လည်ပတ်နိုင်ရေးအတွက် စီမံကိန်းဧရိယာတွင်ဖြစ်စေ၊ ရုံးချုပ်တွင်ဖြစ်စေ စံချိန်မီသော လုပ်ငန်းစီမံခန့်ခွဲမှုများ လိုအပ်ပါသည်။ အရည်အသွေးပြည့်မီသော စီမံခန့်ခွဲမှု ရရှိနိုင်ရေးအတွက် အရည်အသွေးပြည့်မီသော ဝန်ထမ်းများနှင့် အရည်အသွေးပြည့်မီသော စီမံခန့်ခွဲရေးဆိုင်ရာ စံချိန်စံညွှန်းများလိုအပ်ပါသည်။

အရည်အသွေးပြည့်မီသော ဝန်ထမ်းများရရှိနိုင်ရေးအတွက် ကုမ္ပဏီသည် အရည်အချင်းရှိသော ဝန်ထမ်းများကို ခေါ်ယူခြင်း၊ ရှိရင်းဝန်ထမ်းများကိုလည်း အရည်အသွေးပြည့်မီစေရန် သက်ဆိုင်ရာသင်တန်းများနှင့် ဆွေးနွေးပွဲများသို့ တက်စေခြင်း၊ ပြင်ပပညာရှင်များကို ဖိတ်ကြားပြီး သင်တန်းပေးစေခြင်း၊ သက်ဆိုင်ရာစာမေးပွဲဖြေဆိုစေခြင်းများကို ပြုလုပ်ပါသည်။ လွန်ခဲ့သော ၂၀၁၅-၂၀၁၆ ခုနှစ်တွင် ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့များ၌ ပို့ချသော Work Safety သင်တန်းများ၊ Quality Management သင်တန်းများနှင့် အခြားအင်ဂျင်နီယာပိုင်းဆိုင်ရာသင်တန်းများသို့ တက်ရောက်သင်ယူရန် သက်ဆိုင်ရာဝန်ထမ်းများကို စေလွှတ်ခဲ့ပါသည်။ ထို့ပြင် Myanmar Engineering Society (MES) ၏ လမ်းညွှန်ပံ့ပိုးမှုဖြင့် Myanmar Themes International မှ ပညာရှင်များကို ဖိတ်ကြားပြီး မူဆယ်တွင် သင်တန်းပေးစေခြင်းများကိုလည်း ပြုလုပ်ခဲ့ပါသည်။

အရည်အသွေး စီမံခန့်ခွဲရေးဆိုင်ရာ စံချိန်စံညွှန်းများရရှိရေးအတွက် ကုမ္ပဏီသည် နိုင်ငံတကာ စံချိန်စံညွှန်းနှင့် နည်းစနစ်များအတိုင်း လိုက်နာဆောင်ရွက်ပြီး ISO 9001:2015 လက်မှတ် ရရှိအောင် ကြိုးစားလုပ်ဆောင်လျက် ရှိသည်။

သာမာန်အားဖြင့် စီမံကိန်းများကို နှောင့်နှေးစေသော အချက်များမှာ (၁) လုပ်ငန်းရှင်၏အပိုင်းကဏ္ဍ (၂) ကန်ထရိုက်တာ၏ အပိုင်းကဏ္ဍနှင့် (၃) မမျှော်မှန်းနိုင်သော အဖြစ်အပျက်များတို့ကြောင့် ဖြစ်သည်။

လုပ်ငန်းရှင်၏ အပိုင်းကဏ္ဍကြောင့် စီမံကိန်းနှောင့်နှေးစေခြင်းဆိုသည်မှာ လုပ်ငန်းရှင်က လုပ်ငန်းနှင့် ဒီဇိုင်းကို အတည်ပြုပေးရန် ကြန့်ကြာခြင်း၊ ဒီဇိုင်းကို မကြာခဏ ပြန်လည်ပြုပြင်စေခြင်း၊ သတ်မှတ်ချိန်အတွင်း ငွေပေးချေမှုပြုလုပ်ရန် အခက်အခဲရှိခြင်းတို့ဖြစ်သည်။ ဤကဲ့သို့သော နှောင့်နှေးခြင်းမျိုးသည် ဆောက်လုပ်ရေးကာလကို ပိုမိုကြန့်ကြာစေပြီး ဆောက်လုပ်ရေးကုန်ကျစရိတ်ကိုလည်း ပိုမိုများပြားစေသည်။ ထိုကဲ့သို့သော နှောင့်နှေးကြန့်ကြာမှုမျိုးမရှိဘဲ စီမံကိန်းများကို သတ်မှတ်ချိန်အတိုင်း ပြီးစီးနိုင်စေရေးအတွက် ကုမ္ပဏီသည် လုပ်ငန်းရှင်နှင့် လက်တွဲပြီး ပူးပေါင်းဆောင်ရွက်မှုပြုလုပ်ပါသည်။ တစ်ဖက်၏ အခက်အခဲများကိုလည်း ဝိုင်းဝန်း ကူညီဖြေရှင်းပေးပါသည်။

ကန်ထရိုက်တာ၏ အပိုင်းကဏ္ဍကြောင့် စီမံကိန်းနှောင့်နှေးစေခြင်းဆိုသည်မှာ များသောအားဖြင့် စီမံကိန်းအတွက် လိုအပ်သော ကုန်ကြမ်းများ မလုံလောက်ခြင်း၊ စက်ပစ္စည်းများ ချို့ယွင်းခြင်း စသည်တို့ကြောင့်ဖြစ်သည်။

ကုမ္ပဏီသည် စီမံကိန်းတစ်ခုခုအတွက် ကုန်ကြမ်းများမလောက်မငှဖြစ်ခြင်းမျိုးမရှိစေရန် လိုအပ်သော ဘိလပ်မြေ၊ ခွဲကျောက်၊ သံချောင်း၊ သံထည်ပစ္စည်း စသည့်ကုန်ကြမ်းများကို စီမံချက်နှင့်အညီ စာချုပ်စနစ်ဖြင့် ကြိုတင်ဝယ်ယူပါသည်။ စက်ယန္တရားများကိုလည်း ပုံမှန် စစ်ဆေးခြင်း၊ ပြုပြင်ခြင်း၊ လဲလှယ်ခြင်းများ ပြုလုပ်သည်။

စီမံကိန်းကို နှောင့်နှေးစေသည့် ကြိုတင်မခန့်မှန်းနိုင်သောအဖြစ်အပျက်ဆိုသည်မှာ စစ်ဘေးအပါအဝင် ရေကြီးခြင်း၊ မီးလောင်ခြင်း၊ မြေငလျင်စသည့် သဘာဝဘေးအန္တရာယ်များဖြစ်သည်။ ဤကဲ့သို့သော အဖြစ်အပျက်မျိုး ဖြစ်ခဲ့လျှင် ဆုံးရှုံးမှု မဖြစ်ရလေအောင် စီမံကိန်းကို အာမခံထားရှိခြင်းဖြင့် ကာကွယ်ပါမည်။

ကုမ္ပဏီသည် ယင်း၏ လေးနှစ်တာကာလ အတွေ့အကြုံများအရ မိမိတို့၏ ကုမ္ပဏီကြောင့်ဖြစ်စေ၊  ကုမ္ပဏီခွဲများကြောင့်ဖြစ်စေ စီမံကိန်းနှောင့်နှေးစေမှုများကို မဖြစ်စေခဲ့ပါ။ သို့သော် မိမိတို့၏ စာချုပ် အစုစပ်ဝင် ကုမ္ပဏီများကြောင့် စီမံကိန်းနှောင့်နှေးစေခြင်းများ ရှိခဲ့သည်။ ဥပမာ - မူဆယ် ဗဟို စီးပွားရေးဇုန် စီမံကိန်းတွင် မြေယာလျော်ကြေး အခက်အခဲများကြောင့် လုပ်ငန်းကြန့်ကြာစေမှုများ၊ ၁၀၅ မိုင် သစ်သီးဝလံကုန်စည်ကွင်း စီမံကိန်းတွင်လည်း မြေယာလျော်ကြေး အခက်အခဲများကြောင့်လည်းကောင်း၊ ကျောက်မိုင်းခွဲခြင်းဆိုင်ရာ အခက်အခဲများကြောင့်လည်းကောင်း လုပ်ငန်းကြန့်ကြာစေမှုများ စသည်တို့ဖြစ်သည်။

ကုမ္ပဏီ၏ လုပ်ငန်းသဘောသဘာဝအရ ထုတ်ကုန်များ၏ အရည်အသွေးကောင်းမွန်မှုသည် အဓိကအရေးပါသည့် အချက်တစ်ခုဖြစ်သည်။ အရည်အသွေးမမီသည့် ထုတ်ကုန်များသည် ကုမ္ပဏီအတွက် နာမည်ပျက်ခြင်းဆိုးကျိုးကို ဖြစ်ပေါ်စေရုံမက အသုံးပြုသူအတွက်လည်း အန္တရာယ်များ ကျရောက်စေနိုင်သည်။ ဥပမာ လမ်းတည်ဆောက်ရေး စီမံကိန်းတစ်ခုတွင် စီမံကိန်းလုပ်ငန်းက ပြီးဆုံးပြီး ကန်ထရိုက်တာက လုပ်ငန်းရှင်အား ပြန်လည်အပ်နှံပြီးဖြစ်သည်။ သို့သော် ပြီးဆုံးသွားသည့် စီမံကိန်းအတွင်းတွင် ကန်ထရိုက်တာက သိလျက်ဖြစ်စေ၊ မသိဘဲဖြစ်စေ အရည်အသွေးစံချိန်မမီသော ထုတ်ကုန်များကို အသုံးပြုထားသည်။ ဤကဲ့သို့သော အဖြစ်အပျက်မျိုးသည် လမ်းအသုံးပြုသူများအား အန္တရာယ်များ ကျရောက်စေနိုင်သည်။ ထို့ကဲ့သို့သော ထုတ်ကုန်အရည်အသွေး စံချိန်မမီခြင်းကို ကာကွယ်နိုင်ရန်အတွက် ကုမ္ပဏီသည် မိမိကိုယ်ပိုင် ဓာတ်ခွဲခန်းများကို ထားရှိပြီး ထုတ်ကုန်၏ အရည်အသွေးကို အမျိုးမျိုးစမ်းသပ်မှု ပြုလုပ်ပါသည်။ လိုအပ်သော ထုတ်ကုန်အရည်အသွေးစံချိန် ပြည့်မီမှသာ လက်တွေ့စီမံကိန်းတွင် အသုံးပြုပါသည်။ လုပ်ငန်းပြီးဆုံးပြီးသော အချိန်တွင်လည်း အသုံးပြုခဲ့သည့် ထုတ်ကုန်အရည်အသွေးကို တစ်ဖန် ပြည်လည်စမ်းသပ်ပါသည်။

ငွေကြေးလဲလှယ်မှုနှုန်းထားမှ ဖြစ်နိုင်သော စွန့်စားမှုများ

ကုမ္ပဏီသည် လက်ရှိအချိန်တွင် နိုင်ငံခြားငွေ ရယူပြီး ဆောင်ရွက်သည့်လုပ်ငန်းများမရှိသေးသော်လည်း စီမံကိန်းတွင် အသုံးပြုသည့် ကုန်ကြမ်းများ၊ နိုင်ငံခြားပညာရှင်ငှားရမ်းခများ၊ နိုင်ငံခြားကုမ္ပဏီများနှင့် အချို့ ပြည်တွင်း ကုမ္ပဏီများ၏ ဝန်ဆောင်ခများမှာ နိုင်ငံခြားငွေကြေးဖြင့် ပေးဆောင်ရသည်။ ထိုသို့ နိုင်ငံခြားငွေ အသုံးပြုခြင်းများတွင် ငွေကြေးလဲလှယ်နှုန်းထား တဟုန်ထိုး အတက်အကျဖြစ်ခြင်းများက ကုမ္ပဏီ၏ လုပ်ငန်းလည်ပတ်မှုများကို ထိခိုက်နစ်နာစေနိုင်သည်။ ထိုကဲ့သို့သော စွန့်စားမှုမျိုးကို ကာကွယ်နိုင်ရန် ကုမ္ပဏီက FCD (Foreign Currency Deposit) နိုင်ငံခြားငွေအပ်နှံမှုဘဏ်စာရင်းဖွင့်လှစ်ထားပြီး နိုင်ငံခြားငွေကြေးဖြင့် ငွေပေးချေရန်လိုအပ်သည့်အခါမျိုးတွင် အဆိုပါ FCD စာရင်းမှ ပေးချေမည်ဖြစ်သည်။ ထို့ပြင် ငွေကြေးလဲလှယ်မှုနှုန်းထားမှ ဖြစ်နိုင်သော သိမ်မွေ့နက်နဲသော စွန့်စားမှုများကို သက်ဆိုင်ရာ ပညာရှင်များနှင့် တိုင်ပင်ပြီး လုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်သည်။

ဆောက်လုပ်ရေးကုန်ပစ္စည်း၊ လောင်စာဆီ စျေးနှုန်းတက်ခြင်းမှ ဖြစ်နိုင်သောစွန့်စားမှုများ

ဆောက်လုပ်ရေးလုပ်ငန်းဆိုသည်မှာ စီမံကိန်းတစ်ခု၏ တိကျသော ကုန်ကျမှုကို တွက်ချက်ပြီး လက်တွေ့လုပ်ငန်း လည်ပတ်မှုတွင် အမှန်ကုန်ကျစရိတ်ကို စီမံခန့်ခွဲတတ်မှသာလျှင် အကျိုးအမြတ်များ ရရှိနိုင်သည်။ တွက်ချက်မှုအရ အကျိုးအမြတ်ရှိသည်ဆိုသော်လည်း လက်တွေ့အကောင်အထည်ဖော်ဆောင်ရာတွင် စီမံခန့်ခွဲမှု မှားယွင်းလျှင် အကျိုးအမြတ်များ မရရှိနိုင်ပါ။ စီမံကိန်းတစ်ခု၏ ကုန်ကျစရိတ်သည် ကုန်ကြမ်းနှင့် လုပ်သားငှားရမ်းခများပေါ်သာမက လောင်စာဆီစျေးနှုန်းပေါ်လည်း မူတည်သည်။ ကုမ္ပဏီ၏ အတွေ့အကြုံအရ စီမံကိန်းတစ်ခုခု၏ အသုံးစရိတ်ကို တွက်ချက်သည့်အခါ လောင်စာဆီက အများဆုံး အသုံးစရိတ်ထဲ ပါဝင်နေသည်ကို တွေ့ရသည်။ ထို့ကြောင့် လောင်စာဆီအပါအဝင် ကုန်ကြမ်းများ၏ စျေးနှုန်းအတက်အကျသည် ဆောက်လုပ်ရေးစီမံကိန်း၏ ကုန်ကျမှုအပေါ် များစွာ အကျိုးသက်ရောက်မှုရှိသည်။

စီမံကိန်းတစ်ခုခုကို ဖော်ဆောင်နေစဉ်အတွင်းတွင် ကုန်ကြမ်းပစ္စည်းစျေးနှုန်းတက်ခြင်းကြောင့် မူလတွက်ချက် ထားသည့်စီမံကိန်းကုန်ကျစရိတ် ထိခိုက်မှုမရှိစေရန် ကုမ္ပဏီသည် ကုန်ကြမ်းပစ္စည်းပေးသွင်းသူများနှင့် လစဉ် အလိုက်ဖြစ်စေ၊ နှစ်စဉ်အလိုက်ဖြစ်စေ၊ စီမံကိန်းကာလအလိုက်ဖြစ်စေ လိုအပ်သော ပစ္စည်းအရောင်းအဝယ် ပုံသေစျေးနှုန်းစာချုပ်ကို ချုပ်ဆိုထားသည်။

ထို့ပြင် လိုအပ်သော ဆောက်လုပ်ရေး ကုန်ကြမ်းပစ္စည်းများ ပြတ်တောက်မှုမရှိစေရန်လည်းကောင်း၊ စျေးနှုန်းများ အတိုင်းထက်အလွန် ပေးဝယ်ရခြင်းမရှိစေရန်လည်းကောင်း ကုမ္ပဏီသည် ဆောက်လုပ်ရေးကုန်ကြမ်းပစ္စည်းများ ထုတ်လုပ်သည့် ကုမ္ပဏီခွဲတစ်ခုကို မန္တလေးတွင် တည်ဆောက်လျက်ရှိသည်။ ဤကဲ့သို့ ကုမ္ပဏီခွဲ ရှိခြင်းသည် အခြားပစ္စည်းပေးသွင်းသူများနှင့် ပစ္စည်းစျေးနှုန်းပြောဆိုဆွေးနွေးရာတွင် ကုမ္ပဏီအတွက် ပိုပြီးအားသန်စေသည်။

အစိုးရမူဝါဒပြောင်းလဲမှုမှ စွန့်စားမှုများ

အစိုးရ၏ ဥပဒေနှင့် မူဝါဒပြောင်းလဲခြင်းများသည်လည်း လုပ်ငန်းဆောင်ရွက်မှုအတွက် စွန့်စားမှုတစ်ခုဖြစ်သည်။ ဥပမာ ၂၀ မဂ္ဂါဝပ် နမ့်ပေါ်ရေအားလျှပ်စစ် စီမံကိန်းကို ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့တွင် ရှမ်းပြည်နယ်အစိုးရနှင့် နားလည်မှုစာချွန်လွှာ ရေးထိုးခဲ့သည်။ နားလည်မှု စာချွန်လွှာရေးထိုးပြီး ရက်ပေါင်း ၂၀ အကြာ ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်မှ လျှပ်စစ်ဥပဒေ ပြဌာန်းလိုက်ပါသည်။ ယင်းလျှပ်စစ်ဥပဒေ၏ အခန်း ၄၊ ပုဒ်မ ၉ (က) ပါ ပြဌာန်းချက်အရ အလတ်စားဖြစ်သည့် ၁၀ မဂ္ဂါဝပ်အထက်နှင့် ၃၀ မဂ္ဂါဝပ်အောက် ရေအားလျှပ်စစ်စီမံကိန်းများသည် မဟာဓာတ်အားလိုင်းနှင့် ချိတ်ဆက်မည်ဆိုပါက ပြည်ထောင်စုအစိုးရနှင့် စာချုပ်ချုပ်ဆိုရန် လိုအပ်ကြောင်း ဖော်ပြထားသည်။ ထို့ကြောင့် မကြာသေးခင်က ရှမ်းပြည်နယ်အစိုးရနှင့် နားလည်မှုစာချွန်လွှာ ရေးထိုးပြီးခါစဖြစ်သည့် ဂရိတ်ဟော်ခမ်းသည် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စာချုပ်ချုပ်ဆိုနိုင်ရန် ဆောင်ရွက်ရပြန်သည်။ ယင်းသည် နမ့်ပေါ်ရေအားလျှပ်စစ် ဖြစ်မြောက်ရေး အကောင်အထည် ဖော်မှုတွင် ၉ လခန့် ကြန့်ကြာစေခဲ့သည်။

ထိုကဲ့သို့သော ဥပဒေနှင့် အစိုးရမူဝါဒများ ပြောင်းလဲခြင်းကြောင့် လုပ်ငန်းလည်ပတ်မှုကြန့်ကြာခြင်း၊ အချိန်နှင့် ငွေကြေး အလဟဿဖြစ်ခြင်းများ နောက်ထပ်မဖြစ်စေရေးအတွက် ကုမ္ပဏီသည် လိုအပ်သော ဥပဒေအကြံပေးအဖွဲ့ ထားရှိခြင်း၊ ကုမ္ပဏီအတွင် အချိန်ပြည့်ဖြစ်စေ၊ အချိန်ပိုင်းဖြစ်စေ ဥပဒေကျွမ်းကျင်သည့်ဝန်ထမ်းများ နှင့် ပညာရှင်များ ခန့်ထားခြင်းများ ပြုလုပ်မည်ဖြစ်သည်။

ဒီဇိုင်းတွက်ချက်မှုမှ စွန့်စားမှုများ

စီမံကိန်းတစ်ခုခု၏ တိကျသော ကုန်ကျစရိတ်၊ ထုတ်ကုန် ထုတ်လုပ်နိုင်မှုစသည်များကို သိရှိနိုင်ရေးအတွက် ဦးစွာ ဒီဇိုင်းဆွဲရပါသည်။ ဒီဇိုင်းဆွဲနိုင်ရန် ဘူမိဗေဒ ဇလဗေဒ စသည့် လိုအပ်သော ကြိုတင်ဆန်းစစ်လေ့လာမှုများ ပြုလုပ်ရပါသည်။ ကြိုတင်ဆန်းစစ်လေ့လာမှု မှားယွင်းလျှင် ဒီဇိုင်းလည်း မှားယွင်းနိုင်သည်။ ဒီဇိုင်းမှားယွင်းလျှင်လည်း ကုန်ကျစရိတ်တွက်ချက်မှုများ၊ ထုတ်ကုန် ထုတ်လုပ်နိုင်စွမ်း တွက်ချက်မှုများ မှားယွင်းနိုင်သည်။ ဤကဲ့သို့သော မှားယွင်းမှုများသည် စီမံကိန်းတစ်ခုလုံး၏ စွန့်စားမှုကြီးတစ်ခုဖြစ်သည်။ ဥပမာ နမ့်ပေါ် ရေအားလျှပ်စစ်စီမံကိန်း၏ နှစ်စဉ်ပျမ်းမျှ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မှုမှာ တွက်ချက်မှုအရ ကီလိုဝပ်နာရီ သန်းပေါင်း ၈၅.၃၉ ဖြစ်သည်။ ယင်းတွက်ချက်မှု၏ ရလဒ်ပမာဏဖြင့် အစိုးရနှင့် လျှပ်စစ်ဓာတ်အားရောင်းဝယ်မှုစာချုပ် ချုပ်ဆိုရမည်ဖြစ်သည်။ အရေးကြီးသည့်အချက်မှာ တစ်နှစ်တွင် အစိုးရဘက်မှ အဆိုပါ တွက်ချက်မှုပမာဏအတိုင်း အကုန် အသုံးပြုနိုင်သည်ဖြစ်စေ၊ အကုန် အသုံးမပြုနိုင်သည်ဖြစ်စေ တွက်ချက်မှု ပမာဏ၏ ၁၀၀% စျေးနှုန်းအတိုင်းသာ ကုမ္ပဏီအား ငွေပေးချေရမည်။ သို့သော် ကုမ္ပဏီ၏ ဓာတ်အားထုတ်လုပ်မှုသည် တွက်ချက်ထားသည့် ပမာဏအတိုင်း ပြည့်မီအောင်မထုတ်လုပ်နိုင်လျှင် မပြည့်ဘဲလိုအပ်နေသည့် ဓာတ်အားပမာဏ၏ စျေးနှုန်းကို အစိုးရအား ပြန်လည်ပေးလျော်ရပါသည်။

ကုမ္ပဏီသည် အထက်ဖော်ပြပါ စွန့်စားမှုများကို ထိန်းချုပ်ကာကွယ်နိုင်ရန်လည်းကောင်း၊ မလိုအပ်သော ကုန်ကျမှုများကို မကုန်ကျစေရန်လည်းကောင်း ၂၀၁၆ ခုနှစ်၊ မေလ ၁၃ ရက်နှင့် ၁၄ ရက်နေ့များတွင် တရုတ်ပြည်သို့ သွားရောက်ပြီး ဒီဇိုင်းပြန်လည်ဆန်းစစ်မှုများကို ပြုလုပ်ခဲ့သည်။ ဒီဇိုင်းပြန်လည်ဆန်းစစ်မှုကြောင့် စီမံကိန်း ကုန်ကျစရိတ် ကျပ်သန်းပေါင်း ၇ ထောင်ခန့် သက်သာစေခဲ့သည်။

တမံကြံ့ခိုင်မှုမှ  စွန့်စားမှုများ

တမံတည်ဆောက်ရာတွင် ကြံ့ခိုင်မှုအတွက် စိတ်ချရစေရန် နှစ်တစ်ထောင်အတွင်းတွင် ဖြစ်နိုင်ခြေရှိသော အကြီးဆုံးမိုးရေချိန်နှင့် တမံ၏ ရေဆင်းဧရိယာ၊ ရာသီဥတု စသည့်အချက်များစွာကို နည်းပညာပိုင်းအရ တွက်ချက်ပြီးမှ သင့်လျော်လိုက်ဖက်သော တမံဒီဇိုင်းဖြင့် တည်ဆောက်ရပါသည်။ ရေကြီးခြင်းစသည့် အရေးပေါ် အခြေအနေတွင် ကြိုတင်ပြင်ဆင်ထားမှုမရှိလျှင် ကုမ္ပဏီအတွက်သော်လည်းကောင်း၊ တမံအောက်ပိုင်းရှိရွာများအတွက်သော်လည်းကောင်း ဆုံးရှုံးမှုများ ဖြစ်စေနိုင်သည်။ ကုမ္ပဏီသည် အဆိုပါ တမံနှင့်ပတ်သက်သော စွန့်စားမှုများကို ကာကွယ်ထိန်းချုပ်နိုင်ရန်လည်းကောင်း၊ အရေးပေါ်အခြေအနေအတွက် ကြိုတင်ပြင်ဆင်ရန် လိုအပ်သည့် အချက်များကိုလည်းကောင်း ဂျာမနီနိုင်ငံ SYDRO Consult ကုမ္ပဏီကို ငှားရမ်းခဲ့သည်။ အဆိုပါ SYDRO Consult ကုမ္ပဏီသည် တမံကြံ့ခိုင်မှုကို အသေးစိတ်ဆန်းစစ်လေ့လာမှု ပြုလုပ်ပေးပြီး လိုအပ်သည့်အချက်များကို ပြင်ဆင်ရန် ထောက်ပြခဲ့သည်။ ထို့ပြင် ကုမ္ပဏီသည် အရေးပေါ်အခြေအနေတွင် ပြင်ဆင်ရန်လိုအပ်သည့် အချက်များကို SYDRO Consult ကုမ္ပဏီမှ ပညာရှင်ဖြစ်သူ Dr. Hubert Lohr အား မူဆယ်မြို့သို့ဖိတ်ကြားပြီး ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၂ ရက်နှင့် ၃ ရက်နေ့များတွင် ဌာနဆိုင်ရာများ၊ ရက်ကွက်လူကြီးများ၊ တမံအောက်ပိုင်းရှိ ကျေးရွာများမှ အကြီးအကဲများနှင့် အဓိကသက်ဆိုင်သူများ အစည်းအဝေးကျင်းပခဲ့သည်။

ကုမ္ပဏီပိုင်ဆိုင်မှု၏ ငွေကြေးဖြစ်လွယ်မှုမှ စွန့်စားမှုများ

ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုသည် စီမံကိန်းတစ်ခုခုအတွက် သက်ဆိုင်ရာကုန်ကြမ်းများဝယ်ယူခြင်း၊ လုပ်သား ငှားရမ်းခများပေးခြင်းစသည်ဖြင့် လုံလောက်သော အရင်းအနှီးရှိဖို့လိုအပ်ခြင်းကြောင့် ကုမ္ပဏီ၏ပိုင်ဆိုင်မှုများမှ ငွေကြေးဖြစ်လွယ်မှုသည် အဓိကအရေးပါသည့် အချက်တစ်ခုဖြစ်သည်။ ငွေကြေးဖြစ်လွယ်မှုအတွက် ထိရောက်သော စီမံခန့်ခွဲမှုမရှိလျှင် စီမံကိန်းအသစ်များကို ဖော်ဆောင်ရန်လည်းကောင်း၊ လက်ရှိစီမံကိန်းများကို ပြီးစီးစေရေးအတွက် ဆောင်ရွက်ရန်လည်းကောင်း အခက်အခဲများစွာ ကြုံတွေ့နိုင်သည်။

ကုမ္ပဏီ၏ အတွေ့အကြုံများအရ လွန်ခဲ့သော ၃ နှစ်ခန့်တွင် မူဆယ်မြို့ တော်ရွက်၊ စွမ်စော်နှင့် ဟိုမွန်ဧရိယာအတွင်းရှိ ဧကပေါင်း ၇၀၀ ကျော်သော မြေနေရာကို ဒေသခံ ကုမ္ပဏီ ၃ ခုခန့်က အိမ်ယာစီမံကိန်းအဖြစ် ဆောက်လုပ်ရန် အပြိုင်ကြိုးစားခဲ့ကြဖူးသည်။ သို့သော် ယင်းစီမံကိန်း၏ ငွေဖြစ်လွယ်မှုနှင့် ချိန်ထိုးကြည့်သောအခါ ခေတ်အခြေအနေအရဖြစ်စေ နေရာဒေသအရဖြစ်စေ ငွေဖြစ်လွယ်မှု စွန့်စားချက် ကြီးမားနေသည်ကို တွေ့ရသောအခါ ယင်းစီမံကိန်းမျိုးကို ဂရိတ်ဟော်ခမ်းက စိတ်ဝင်စားမှု မဖြစ်ခဲ့ပါ။

လက်ရှိအချိန်တွင် ကုမ္ပဏီပိုင်ဆိုင်သည့် MCBD အတွင်းရှိ Shop House ဆိုင်ခန်းများသည်လည်း ငွေဖြစ်လွယ်မှုတွင် စွန့်စားချက်ရှိနေသည်။ ယင်းစွန့်စားမှုအတွက် ဆိုင်ခန်းများအချို့ကို ကာလပေါက်စျေးအရ ရောင်းချ၍သော်လည်းကောင်း၊ ဘဏ်ချေးငွေယူခြင်းဖြင့်သော်လည်းကောင်း ကုမ္ပဏီ၏ ငွေကြေးလည်ပတ်မှုအပေါ် ထိခိုက်ခြင်းမရှိရလေအောင် ပညာရှင်များနှင့် တိုင်ပင်ပြီး သင့်လျော်သည့်နည်းလမ်းဖြင့် ဖြေရှင်းမည်ဖြစ်သည်။

ယိူင်းဢၢၼ်း ၼင်ႇႁိုဝ် တေပဵၼ် လွင်ႈၵမ်ႉထႅမ် တၢင်းၶိုၼ်ႈယႂ်ႇ ၼႂ်းပိုၼ်ႉတီႈလႄႈသင်၊ ၼင်ႇႁိုဝ် တေသၢင်ႈ တိုဝ်ႉတၢင်း ၵၢၼ်
ၶေႃႈၼမ်း ၶူင်းၵၢၼ်ၾႆးၾႃႉၼမ်ႉပူဝ်ႈၼႆႉ ပဵၼ်ၶူင်းၵၢၼ်ၶမ်ႇပၼီႇ သုၼ်ႇႁူမ်ႈၵရဵၵ်ႉႁေႃၶမ်း ဢၼ်ၶဝ်ႈၶႂၢင်ႇလမ်ႇလွင်ႈ ဢၼ်ၼိုင
ဂရိတ်ဟော်ခမ်း အများပိုင်ကုမ္ပဏီလီမိတက်သည် ဆောက်လုပ်ရေးလုပ်ငန်းနှင့် အခြေခံအဆောက်အဦ လုပ်ငန်းများတွင် နိုင်ငံတကာအဆင့်မီ