နမ့်ပေါ်ရေအားလျှပ်စစ် စီမံကိန်း ဖြစ်မြောက်ရေး အကောင်အထည်ဖော်မှုအဆင့်ဆင့် မှတ်တမ်း

နိဒါန်း

နမ့်ပေါ် ရေအားလျှပ်စစ် စီမံကိန်းသည် ဂရိတ်ဟော်ခမ်း အများပိုင် ကုမ္ပဏီလီမိတက်၏ လက်ရှိ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းထဲတွင် အဓိက အရေးပါသည့် စီမံကိန်းတစ်ခုဖြစ်သည်။ ကုမ္ပဏီသည် ရေအားလျှပ်စစ်တွင် အဓိကထားပြီး ရင်းနှီးမြှုပ်နှံရခြင်း၏ ရည်ရွယ်ချက်များမှာ -
၁။    ဒေသခံများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်၊
၂။    ဒေသ ဖွံ့ဖြိုးတိုးတက်စေရန် နှင့်
၃။    နိုင်ငံတော် လျှပ်စစ်ဓာတ်အား ဖူလုံရေးအတွက် အထောက်အကူပြုနိုင်ရန် တို့ဖြစ်သည်။
တစ်နည်းအားဖြင့်ဆိုရလျှင် ဒေသ၏ လျှပ်စစ်ဓာတ်အား လိုအပ်မှု ပိုမိုမြင့်မားနေခြင်းကြောင့်လည်းကောင်း၊ ဒေသန္တရဖွံ့ဖြိုးရေး လုပ်ငန်းတွင် မရှိမဖြစ် လိုအပ်သော အခြေခံအဆောက်အဦ လုပ်ငန်း ဖြစ်ခြင်းကြောင့်လည်းကောင်း ရေအားလျှပ်စစ် စီမံကိန်းကို ဦးစားပေး ရွေးချယ်ရခြင်းဖြစ်သည်။

အဆိုပါ နမ့်ပေါ်ရေအားလျှပ်စစ် စီမံကိန်း၏ အကောင်အထည် ဖော်ဆောင်မှု အဆင့်ဆင့်ကို ရှယ်ယာရှင်များ သိရှိနိုင်ရန် အောက်ပါအတိုင်း အကျဉ်းအားဖြင့် ဖော်ပြပါမည်။

အကြိုဖြစ်နိုင်ခြေစူးစမ်းလေ့လာမှု (Pre-Feasibility Studies)

နမ့်ပေါ် ရေအားလျှပ်စစ် စီမံကိန်းအတွက် အကြို ဖြစ်မြောက်နိုင်စွမ်း စူးစမ်းလေ့လာမှု (Pre-Feasibility Studies) ကို တရုတ်နိုင်ငံ ကူမင်း အင်ဂျင်နီးယားရင်း ကုမ္ပဏီ လီမိတက် (KHIDI) က ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့တွင် ဆောင်ရွက်ပြီးစီးခဲ့သည်။

နားလည်မှုစာချွန်လွှာ (M.O.U)

KHIDI ၏ အကူအညီဖြင့် အကြို ဖြစ်မြောက်နိုင်စွမ်း စူးစမ်းလေ့လာမှု ပြုပြီးနောက် ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်တွင် စီမံကိန်း အဆိုပြုလွှာကို ခရိုင်အုပ်ချုပ်ရေးမှူးရုံးမှ တစ်ဆင့် အဆင့်ဆင့် တင်ပြခဲ့ပြီး အဆိုပါ နှစ်၏ နိုဝင်ဘာလ ၆ ရက်တွင် ရှမ်းပြည်နယ် အစိုးရထံမှ “မူ”အားဖြင့် သဘောတူကြောင်း ပြန်ကြားခဲ့ပါသည်။ ယင်းနောက် ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့တွင် ရှမ်းပြည်နယ်အစိုးရနှင့် နားလည်မှုစာချွန်လွှာ (M.O.U) ကို ရေးထိုးနိုင်ခဲ့သည်။

ပြန်လည် နေရာချထားရေးနှင့် မြေယာလျော်ကြေး ကိစ္စများ

နားလည်မှုစာချွန်လွှာ ရေးထိုးပြီးနောက် တမံဧရိယာ အတွင်း ကျရောက်နေသည့် စိုက်ပျိုးမြေများအတွက် ခရိုင် မြေယာလျော်ကြေး စိစစ်ရေးအဖွဲ့နှင့် မြို့နယ် မြေယာတိုင်းတာစိစစ်ရေး အဖွဲ့တို့မှ ကုမ္ပဏီနှင့် စိုက်ပျိုးတောင်သူများ အကြား ညှိနှိုင်းဆောင်ရွက်ပေးမှုဖြင့် ကျပ်သိန်းပေါင်းလေးထောင်ကျော်ကို ပေးလျော်ခဲ့ပြီးဖြစ်သည်။ စီမံကိန်းတွင် အသုံးပြုရန်အတွက် မြေဧရိယာ ၁၇၉ ဧကကိုလည်း မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီထံမှ အခြားနည်း အသုံးပြုခွင့်ကိုလည်း ၂၀၁၆ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့တွင် ရရှိထားပြီးဖြစ်သည်။

တမံအထက်ပိုင်းရှိ ရေလွှမ်းဧရိယာအတွင်း ကျရောက်သော အထက်နမ့်ပေါ် (တာလုံ) တံတား၊ ဘုန်းတော်ကြီးကျောင်း နှင့် ရဲကင်းတို့ကို ပြန်လည် နေရာချထားရန်အတွက် စီမံချက် နှင့် ဒီဇိုင်းများ ရေးဆွဲလျက် ရှိပါသည်။ အဆိုပါ စီမံချက်နှင့် ဒီဇိုင်းများ ပြီးစီးပါက လျှပ်စစ်စွမ်းအားစီမံရေးဌာနထံသို့ တင်ပြပြီး ပြန်လည်နေရာချထားရေး လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

မြန်မာနိုင်ငံ လျှပ်စစ်ဥပဒေ

ရှမ်းပြည်နယ် အစိုးရနှင့် နားလည်မှုစာချွန်လွှာ ရေးထိုးနိုင်ခဲ့သော်လည်း ဖြစ်မြောက်ရေး အကောင်အထည် ဖော်မှုတွင် ကြန့်ကြာစေခဲ့သည့် အကြောင်းရင်းတစ်ခု ထွက်ပေါ်လာပါသည်။ ယင်းမှာ နားလည်မှုစာချွန်လွှာ ရေးထိုးပြီး ရက်ပေါင်း ၂၀ အကြာ ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်မှ လျှပ်စစ်ဥပဒေကို ပြဋ္ဌာန်းလိုက်သည်။ အဆိုပါ လျှပ်စစ်ဥပဒေတွင် ရေအားလျှပ်စစ် ထုတ်လုပ်ရာ၌ ၁၀ မဂ္ဂါဝပ်အထိ ထုတ်လုပ်မှုသည် အသေးစား ရေအားလျှပ်စစ်၊ ၁၀ မဂ္ဂါဝပ် အထက်နှင့် ၃၀ မဂ္ဂါဝပ်အောက် ထုတ်လုပ်မှုသည် အလတ်စား ရေအားလျှပ်စစ်၊ ၃၀ မဂ္ဂါဝပ် အထက် ထုတ်လုပ်မှုသည် အကြီးစား ရေအားလျှပ်စစ် ဟူ၍ ၃ မျိုးခွဲထားသည်။ ယင်းလျှပ်စစ် ဉပဒေတွင်ပင် အခန်း ၄၊ ပုဒ်မ ၉၊ ပုဒ်မခွဲ (က) တွင် ရေအားလျှပ်စစ် ထုတ်လုပ်ရာ၌ အသေးစားနှင့် အလတ်စား ရေအားလျှပ်စစ်ကို တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့က စီမံခန့်ခွဲခွင့်ရှိသော်လည်း မည်သည့် ရေအားလျှပ်စစ် ထုတ်လုပ်မှုမဆို မဟာဓာတ်အားလိုင်းနှင့် ချိတ်ဆက်ရန်အတွက် ပြည်ထောင်စုအစိုးရနှင့် စာချုပ် ချုပ်ဆိုရန် လိုအပ်ကြောင်း ဖေါ်ပြထားသည်။ ထို့ကြောင့် မကြာသေးခင်က ရှမ်းပြည်နယ် အစိုးရနှင့် နားလည်မှုစာချွန်လွှာ ရေးထိုးပြီးခါစ ဖြစ်သည့် ဂရိတ်ဟော်ခမ်း အများပိုင် ကုမ္ပဏီလီ မိတက်သည် ပြည်ထောင်စု အစိုးရနှင့် စာချုပ် ချုပ်ဆိုနိုင်ရန် ဆောင်ရွက်ရပြန်သည်။ ယင်းသည် နမ့်ပေါ်ရေအားလျှပ်စစ် ဖြစ်မြောက်ရေး အကောင်အထည် ဖော်မှုတွင် ၉ လခန့် ကြန့်ကြာစေခဲ့သည်။

ဖြစ်နိုင်ခြေ စူးစမ်းလေ့လာမှု

ရေအားလျှပ်စစ် စီမံကိန်း တစ်ခု ဖြစ်မြောက် အောင်မြင်ရေးသည် လွယ်ကူသည့် အလုပ်တစ်ခုမဟုတ်ပေ။ ပထဝီ၊ ဘူမိဗေဒ၊ ဇလဗေဒ၊ သဘာဝ ပတ်ဝန်းကျင်များနှင့် ပတ်သက် ဆက်နွယ်သည့် အကြောင်းရင်း များစွာကို သေချာ ဃဏစွာ စူးစမ်း လေ့လာရပါသည်။ အချက်အလက် များစွာကို စူးစမ်းလေ့လာပြီးနောက် သင့်လျော်သည့် တမံဒီဇိုင်း၊ ကုန်ကျမှု စသည်များကို ထည့်တွက်ရပြန်သည်။

ရေအားလျှပ်စစ်နှင့် ပတ်သက်ပြီး အချို့သော နည်းပညာ ဝန်ဆောင်မှုများသည် ပြည်တွင်း၌ မရရှိနိုင်သေးပေ။ ထိုကဲ့သို့သော နေရာမျိုး အတွက် နိုင်ငံခြား ပညာရှင်များနှင့် နိုင်ငံခြား နည်းပညာ ဝန်ဆောင်မှုများကို ငှားရမ်း အသုံးပြုရပါသည်။

နမ့်ပေါ် ရေအားလျှပ်စစ် စီမံကိန်းအတွက် ဒီဇိုင်း၊ ဒီဇိုင်းကြီးကြပ်မှုများ အပါအဝင် ဖြစ်မြောက်နိုင်စွမ်း စူးစမ်းလေ့လာမှု (Feasibility Stydy) ပြုလုပ်ရန်အတွက် ဂရိတ်ဟော်ခမ်းက တရုတ်နိုင်ငံ၊ Hunan Hydro and Power Design Institute (HHPDI) ကို အပ်နှံခဲ့ပြီး ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်နေ့တွင် နှစ်ဉီးနှစ်ဖက် စာချုပ် ချုပ်ဆိုနိုင်ခဲ့သည်။

သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင် အကျိုးသက်ရောက်မှုအပေါ် စူးစမ်းလေ့လာခြင်း (EIA & SIA)

စီမံကိန်း၏ ဖြစ်မြောက်နိုင်စွမ်း စူးစမ်းလေ့လာမှု ပြုပြီးနောက် ဖြစ်မြောက် အောင်မြင်နိုင်သည့် အခြေအနေမျိုးတွင်ပင် ရှိသော်လည်း ပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင်အပေါ် ဆိုးကျိုးသက် ရောက်မှုများ ရှိမရှိ၊ ရှိခဲ့သော် မည်သို့မည်ပုံဖြင့် ဖြေရှင်းနိုင်မှုရှိမရှိ စသည်ဖြင့် လေ့လာ သုံးသပ်ရပြန်သည်။ ပတ်ဝန်းကျင် နှင့် လူမှုဝန်းကျင် ထိခိုက်မှုပေါ် စူးစမ်းလေ့လာရန် အတွက် ဂရိတ်ဟော်ခမ်းသည် မြန်မာစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး အင်ဂျင်နီယာ ဝန်ဆောင်မှု ကုမ္ပဏီ လီမိတက် (MSDES) နှင့် ၂၀၁၅ ခုနှစ်၊ ဧပြီလ ၂၅ ရက်နေ့တွင် စာချုပ် ချုပ်ဆိုနိုင်ခဲ့သည်။ စာချုပ် ချုပ်ဆိုပြီးသည်နှင့် တပြိုင်နက် ဂရပ်ဖ်-၀၁ ပါ စီမံချက်အတိုင်း လုပ်ငန်းစတင် ဆောင်ရွက်ခဲ့သည်။

တမံကြံ့ခိုင်မှု လေ့လာသုံးသပ်ခြင်း

ဂရိတ်ဟော်ခမ်းမှ ရင်းနှီးမြှုပ်နှံမှု ပြုသည့် နမ့်ပေါ် ရေအားလျှပ်စစ် စီမံကိန်းသည် နိုင်ငံတကာစံချိန်မီဖို့ အရေးကြီးသည်။ သို့မှသာ အရည်အသွေးအတွက် ယုံကြည်စိတ်ချရပြီး လူမှုဝန်းကျင်နှင့် သဘာဝ ပတ်ဝန်းကျင်အတွက် ကောင်းကျိုး ဖြစ်ထွန်းနိုင်မည်။ ထိုကဲ့သို့ နိုင်ငံတကာ စံချိန်မီ အရည်အသွေးမျိုး ရရှိနိုင်စေရန် ရေအားလျှပ်စစ် စီမံကိန်းအတွက် တည်ဆောက်မည့် တမံဒီဇိုင်း၏ ကြံ့ခိုင်မှုကို ခွဲခြမ်းစိတ်ဖြာ လေ့လာသုံးသပ်ချက်ကို ဆောင်ရွက်ပေးရန် ရေအားလျှပ်စစ်နှင့် တမံတည်ဆောက်ရေးပိုင်းတွင် ဝါရင့်ကျွမ်းကျင်သည့် ဂျာမနီနိုင်ငံ SYDRO Consult ကုမ္ပဏီအား အပ်နှံခဲ့သည်။ ယင်းဝန်ဆောင်မှုအတွက် SYDRO Consult ကုမ္ပဏီနှင့် ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်နေ့တွင် စာချုပ် ချုပ်ဆိုနိုင်ခဲ့သည်။ ဤကဲ့သို့သော တမံကြံ့ခိုင်မှု လေ့လာသုံးသပ်ချက်သည် အရေးကြီးသလောက် မြန်မာနိုင်ငံတွင် တည်ဆောက်ထားသည့် တမံများတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုမှု မရှိသေးကြောင်း တွေ့ရှိရသည်။

အထက်ပါ ဝန်ဆောင်မှုအတွက် ဂျာမနီနိုင်ငံ SYDRO Consult ကုမ္ပဏီမှ ကျွမ်းကျင်ပညာရှင်သည် တမံ၏ကြံ့ခိုင်မှု နှင့် ရေကြီးခြင်းအန္တရာယ် ဖြစ်နိုင်မှုများကို ထိရောက်စွာ ခွဲခြမ်း စိတ်ဖြာ လေ့လာနိုင်ရန်အတွက် နမ့်ပေါ် ရေအားလျှပ်စစ် စီမံကိန်း တည်ရှိရာနေရာနှင့် တမံအောက်ပိုင်းရှိ ရွာများသို့ ကိုယ်တိုင် သွားရောက်လေ့လာပြီး အချက်အလက်များကို စုဆောင်းလေ့လာ မှတ်တမ်းတင်ခဲ့သည်။ ထို့ပြင် ရေကြီးခြင်း အန္တရာယ် ဖြစ်မှုများတွင် ဆုံးရှုံးမှု နည်းသထက် နည်းစေရန် အရေးပေါ်အခြေအနေ ကြိုတင်ပြင်ဆင်မှု စီမံချက်နှင့် ပတ်သက်ပြီး ဌာနဆိုင်ရာများ၊ တမံအောက်ပိုင်းရှိ ရွာများမှ အကြီးအကဲ များနှင့် ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နှင့် ၂ ရက်နေ့များတွင် မူဆယ်မြို့ ဂရိတ်ဟော်ခမ်း၏ စီမံကိန်းရုံး ဆင်းရွှေလီခန်းမ၌ တွေ့ဆုံဆွေးနွေး အသိပညာ ဖလှယ်ပွဲတစ်ခု ကျင်းပနိုင်ခဲ့သည်။

ပဋိညာဉ်စာချုပ် (M.O.A.)

ဂရိတ်ဟော်ခမ်းသည် နမ့်ပေါ်ရေအားလျှပ်စစ် စီမံကိန်း အတွက် လိုအပ်သော ကြိုတင် ပြင်ဆင်မှုများကို ပြင်ဆင်ပြီးနောက် ၂၀၁၆ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့တွင် ပြည်ထောင်စု အစိုးရ လျှပ်စစ်စွမ်းအား စီမံရေး ဦးစီးဌာနနှင့် B.O.T (တည်ဆောက်ခြင်း၊ လုပ်ငန်းလည်ပတ်ခြင်းနှင့် လွှဲပြောင်းပေးခြင်း) စနစ်ဖြင့် ပဋိညာဉ်စာချုပ် ချုပ်ဆို နိုင်ခဲ့သည်။

လျှပ်စစ်ဓာတ်အား ဝယ်ယူမှု သဘောတူ စာချုပ် (P.P.A.)

ဂရိတ်ဟော်ခမ်းသည် လက်ရှိအချိန်တွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနနှင့် လျှပ်စစ်ဓာတ်အား ဝယ်ယူမှု သဘောတူ စာချုပ် (P.P.A) ချုပ်ဆိုနိုင်ရန်အတွက် စာချုပ်မူကြမ်း ပြင်ဆင်ထားလျက်ရှိပြီး မကြာမီတွင် ချုပ်ဆိုနိုင်ရန် ခန့်မှန်းထားသည်။

စီမံကိန်း ကုန်ကျမှုနှင့် IRR

နမ့်ပေါ် ရေအားလျှပ်စစ် စီမံကိန်း တစ်ခုလုံး၏ ခန့်မှန်း ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၄၀.၆၀ သန်း ဖြစ်သည်။ ယင်းကုန်ကျမှုအတွက် IRR မှာ ၉% ဖြစ်သည်။ သို့သော် ၂၀၁၆ ခုနှစ်၊ မေလ ၁၄ ရက်နေ့တွင် တရုတ်နိုင်ငံ၊ ဟူနန်မြို့ HHPDI ရုံးချုပ်၌ ဒီဇိုင်းပြန်လည်ဆန်းစစ်မှု (Design Optimization) ပြုလုပ်ခဲ့ပြီ၊ စီမံကိန်းကုန်ကျမှုစရိတ်ကို ပြန်လည်ဆန်းစစ်ကာ စီမံကိန်းကုန်ကျစရိတ်ကိုလည်း အထိုက်အလျောက် လျှော့ချနိုင်မည်ဖြစ်သည်။

လူမှုဝန်းကျင်နှင့် သဘာဝပတ်ဝန်းကျင် ပူးပေါင်းတာဝန်ယူမှုများ

ဂရိတ်ဟော်ခမ်းသည် အများပိုင် ကုမ္ပဏီ ဖြစ်သည့်အားလျော်စွာ ကုမ္ပဏီဖော်ဆောင်မည့် စီမံကိန်းတိုင်းသည် ပွင့်လင်း မြင်သာမှု၊ လူမှုဝန်းကျင်နှင့် သဘာဝပတ်ဝန်းကျင်အတွက် ကောင်းကျိုး ဖြစ်ထွန်းမှုများကို အလေးထားပြီး ဆောင်ရွက်သည်။ ဤ နမ့်ပေါ် ရေအားလျှပ်စစ် စီမံကိန်းသည်လည်း ယင်းမှ ထွက်ရှိလာမည့် မျှော်မှန်း အသားတင် အကျိုးအမြတ်၏ ၁% ကို လူမှုဝန်းကျင်ပူးပေါင်းတာဝန်ယူမှုအတွက် (CSR) နှင့် ၂% ကို သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲရေး အစီအစဉ် (EMP) အတွက် အထောက်အပံ့ပေးရန် လျာထားပါသည်။

စီမံကိန်း အကြိုအင်ဂျင်နီယာလုပ်ငန်းများ

စီမံကိန်းအတွက် အကြို အင်ဂျင်နီယာ လုပ်ငန်းများဖြစ်သော စီမံကိန်းချဉ်းကပ်လမ်း၊ စီမံကိန်းအတွင်းလမ်း၊ စီမံကိန်း ရုံး၊ အရာရှိရိပ်သာ၊ ဝန်ထမ်းအိမ်ယာ၊ အလုပ်သမားတန်းလျား၊ ကုန်ပစ္စည်းသိုလှောင်ရုံ၊ စက်ပြင်အလုပ်ရုံ၊ ကွန်ကရစ်ဖျော်စက်၊ ချောင်းကူးဘေလီတံတား၊ ၆၆ ကေဗွီ နှင့် ၁၁ ကေဗွီ ဓာတ်အားလိုင်း သွယ်တန်းခြင်း စသည့်လုပ်ငန်းများကို ၂၀၁၆ ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့တွင် စတင်ဆောင်ရွက်လျက်ရှိသည်။

စီမံကိန်း စတင်မည့်ရက်

စီမံကိန်းကို ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလတွင် စတင်နိုင်ရန် လျာထားပါသည်။

နမ့်ပေါ် ရေအားလျှပ်စစ်ဆိုင်ရာ အချက်အလက်များမှာ အောက်ပါအတိုင်းဖြစ်သည် -

စီမံကိန်းအမည်- နမ့်ပေါ်ရေအားလျှပ်စစ် စီမံကိန်း
တည်နေရာ- မန်းဟန်ကျေးရွာဟောင်း၊ စယ်လန့်ကျေးရွာအုပ်စု၊ မူဆယ်မြို့
ရင်းနှီးမြုပ်နှံသည့်ကုမ္ပဏီ- ဂရိတ်ဟော်ခမ်း များပိုင်းကုမ္ပဏီ လီမိတက်
ချောင်းအမည်- နမ့်ပေါ်ချောင်း
တပ်ဆင်စက်အင်အား- ၂၀ မဂ္ဂါဝပ် (၃ ယူနစ် x ၆.၆၇ မဂ္ဂါဝပ်)
တစ်နှစ်ပျှမ်းမျှ အပူချိန်- ၂၀.၁၀ °C
တစ်နှစ်ပျှမ်းမျှမိုးရေချိန်လက်မ- ၅၅.၁၁ လက်မ
နမ့်ပေါ်ချောင်းရေဖမ်းဧရိယာ- ၁,၀၆၈ စတုရန်းကီလိုမီတာ
တမံအထက်ရေဖမ်းဧရိယာ- ၁,၀၂၅ စတုရန်းကီလိုမီတာ
တစ်နှစ်ပျှမ်းမျှရေစီးဆင်းမှု- ၃၂.၆၀ ကုဗမီတာ/စက္ကန့်
တမံရေပြည့်အမှတ်- ၈၀၅ မီတာ
တမံရေသေအမှတ်- ၇၉၅ မီတာ
တစ်နှစ်ပျှမ်းမျှထုတ်လုပ်မှု- ၈၃.၃၀ ကီလိုဝပ်နာရီသန်းပေါင်း
စက်လည်ပတ်မှုအခြေအနေ- နေ့စဉ်
တစ်နှစ်ထုတ်လုပ်မှုအချိန်- ၄,၁၆၆ နာရီ
တမံအမြင့်- ၅၄ မီတာ
အသားတင်ရေအမြင့်- ၃၈.၇၅ မီတာ
တမံအလျား- ၂၁၁ မီတာ
တည်ဆောက်ရေးကာလ- ၃၆ လ
စုစုပေါင်းရင်းနှီးမြုပ်နှံမှု - အမေရိကန်ဒေါ်လာ ၄၀.၆၀ သန်း (1 USD = 1,218 Kyats)
ပဋိညာဉ်ချုပ်ဆိုသည့်နေ့- ၂၀၁၆ ခုနှစ်၊ မတ်လ ၁၆ ရက်
ဒီဇိုင်းပြုကုမ္ပဏီ- Hunan Hydro & Power Design Institute (HHPDI)
E.S.I.A စူးစမ်းလေ့လာသည့် ကုမ္ပဏီ- မြန်မာစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး အင်ဂျင်နီယာဝန်ဆောင်မှု ကုမ္ပဏီလီမိတက်
ဂရိတ်ဟော်ခမ်းမှ ဒေသဖွံ့ဖြိုးရေးကို အထောက်အကူ ပြုစေရန်၊ ဒေသခံ ပြည်သူလူထု အလုပ်အကိုင် အခွင့်အလမ်း ပိုမို ရရှိစေရန်နှင်
ဂရိတ်ဟော်ခမ်း အများပိုင်ကုမ္ပဏီလီမိတက်သည် ဆောက်လုပ်ရေးလုပ်ငန်းနှင့် အခြေခံအဆောက်အဦ လုပ်ငန်းများတွင် နိုင်ငံတကာအဆင့်မီ
နိဒါန်း နမ့်ပေါ် ရေအားလျှပ်စစ် စီမံကိန်းသည် ဂရိတ်ဟော်ခမ်း အများပိုင် ကုမ္ပဏီလီမိတက်၏ လက်ရှိ ရင်းနှီးမြှုပ်နှံမှ