ဆဋ္ဌမမြောက် စတော့အိတ်ချိန်း စာရင်းဝင် ဖြစ်လာမည့် ဂရိတ်ဟော်ခမ်းကုမ္ပဏီနှင့် တွေ့ဆုံခြင်း

အောက်ဖော်ပြပါ အမေးအဖြေကို ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် The Voice ဂျာနယ်ဝက်ဘ်စာမျက်နှာ၌ ရေးသားဖော်ပြထားသည်ကို တိုက်ရိုက်ကူးယူဖော်ပြထားသည်။ မူရင်းသတင်း အပြည့်အစုံကို ဤနေရာတွင် ဝင်ရောက်ဖတ်ရှုနိုင်သည်။

ဂရိတ်ဟော်ခမ်းမှာ ရှမ်းပြည်နယ်မှ မွေးဖွားလာသည့်ကုမ္ပဏီ တစ်ခုဟု ဆိုနိုင်သည်။ ယခုအခါ ရှမ်းပြည်နယ် နမ့်ပေါ်မြစ်ပေါ်တွင် ရေအားလျှပ်စစ် စီမံကိန်း တစ်ခု တည်ဆောက်ရန် ပြင်ဆင်နေသည်။ ရန်ကုန် စတော့အိတ်ချိန်းတွင် ဆဋ္ဌမမြောက် စာရင်းဝင်ကုမ္ပဏီ ဖြစ်လာမည့် ဂရိတ်ဟော်ခမ်း အများပိုင် ကုမ္ပဏီ၏ စီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအကြောင်းကို အုပ်ချုပ်မှု ဒါရိုက်တာ ဦးစိုင်းအုန်းမြင့်နှင့် တွေ့ဆုံမေးမြန်းထားခြင်း ဖြစ်သည်။

  • Voice : အရင်ဆုံး ဆရာတို့ အခု လုပ်နေတဲ့ နမ့်ပေါ် ရေအားလျှပ်စစ် စီမံကိန်းရဲ့ အခြေအနေကို ပြောပြပါ။
    • SOM : နမ့်ပေါ် ရေအားလျှပ်စစ် စီမံကိန်းက ကျွန်တော် တို့ကုမ္ပဏီရဲ့ ပထမဆုံး ရင်းနှီးမြှုပ်နှံမှု ဖြစ်ပါတယ်။ ဒီစီမံကိန်းကို လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ်ကတည်းက ဖြစ်နိုင်ခြေ စူးစမ်းလေ့လာမှုကို စတင် ဆောင်ရွက်ခဲ့ပြီး ၂၀၁၄ မှာ ရှမ်းပြည်နယ် အစိုးရနဲ့ MoU ရေးထိုးခဲ့တယ်။ နောက်ပိုင်းမှာတော့ လျှပ်စစ်ဥပဒေကြောင့်မို့လို့ မဟာ ဓာတ်အားလိုင်းကို ချိတ်ဆက်ပြီး ဓာတ်အားရောင်းမှာ ဖြစ်တဲ့အတွက် ပြည်ထောင်စု အစိုးရရဲ့ စီမံခန့်ခွဲမှုအောက်မှာ ရှိရမယ် ဆိုတဲ့ ဥပဒေနဲ့အညီ ပြည်ထောင်စု အစိုးရကို ပြောင်းပြီးတော့ ပဋိညာဉ်စာချုပ် (MOA) လက်မှတ် ရေးထိုးခဲ့တယ်။ ပဋိညာဉ် စာချုပ်မှာ ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ နှစ် ငါးဆယ်၊ အပေါင်း တစ်ဆယ်၊ တစ်ဆယ်၊ နောက်တိုးပေါ့ဗျာ၊ နှစ်ပေါင်း ၇၀ အထိ BOT လုပ်ပိုင်ခွင့် ရထားပါတယ်။
  • Voice : ဒီစီမံကိန်း လုပ်ချိန်မှာ စီမံကိန်း အနီးတစ်ဝိုက်မှာ ထိခိုက်မှုတွေ ရှိပါသလား။
    • SOM : ဒီလို အခြေခံ အဆောက်အဦတွေ လုပ်တဲ့အခါမှာ အကျိုးသက်ရောက်မှု Impact တွေရှိလာတဲ့အခါ အားသာချက်၊ အားနည်ချက်တွေကို ပြန်လည် ခြုံငုံပြီး ကြည့်မယ်ဆိုရင် စီမံကိန်းတိုင်းမှာ ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ စီမံကိန်းက ထူးခြားပြီးတော့ အားသာချက်က ပိုများနေတာကို တွေ့ရပါတယ်။ အထူးသဖြင့် ESIA အပိုင်းကို ပြန်ကြည့်မယ်ဆိုရင် အသိသာဆုံး ဖြစ်ပါတယ်။ စီမံကိန်းရဲ့ ရေလွှမ်း ဧရိယာက ဧကပေါင်း ရှစ်ရာ ဝန်းကျင်လောက် ရှိပြီးတော့ အဲဒီမှာ ထိခိုက်သွားတဲ့ တောင်ယာနဲ့ လယ်တွေက ၁၄၄ ဧကပဲ ရှိပါတယ်။ ပြီးတော့ ကျေးရွာ တစ်ရွာမှ ထိခိုက် နစ်မြုပ်သွားတာမျိုး မရှိပါဘူး။

      အဓိက ထိခိုက်တာကတော့ ဆောက်လုပ်ရေး ဝန်ကြီးဌာန လက်အောက်က မန္တလေး-လားရှိုး-မူဆယ်လမ်းပေါ်က နမ့်ပေါ်တံတား တစ်စင်း မြုပ်သွားတယ်။ အဲဒီတံတားက သံကူကွန်ကရစ် အမျိုးအစား ဖြစ်ပြီးတော့ အကျယ်က နှစ်လမ်းသွား၊ အရှည်က ပေ ၁၀၀ ရှိတယ်။ ဒါကို ကျွန်တော်တို့ ပြန်လည်နေရာ ချထားရေး လုပ်ပေးရမှာပေါ့။ တံတားထိတာနဲ့ တံတားရဲ့ လုံခြုံရေးကို တာဝန်ယူထားတဲ့ ရဲကင်းလည်း အလိုအလျောက် ထိခိုက်သွားတယ်။ ဒါတွေက ကျွန်တော်တို့ ပြန်လည် နေရာချထားဖို့အတွက် တံတား ဒီဇိုင်းတွေ၊ ရဲကင်းတွေ၊ နောက်ပြီး ပြန်လည်နေရာချထားဖို့အတွက် ဘုန်းကြီးကျောင်း တစ်ကျောင်းပါ ထိခိုက်သွားတယ်။ ဒါတွေကို ဝန်ကြီးဌာနကို တင်ပြထားပြီး ဖြစ်ပါတယ်။ အထူးသဖြင့် ရဲကင်းနဲ့ ဘုန်းကြီး ကျောင်းကတော့ မြို့နယ်ရဲမှူးရဲ့ ကန့်ကွက်ရန် မရှိကြောင်း သဘော တူညီချက်ရယ်၊ နောက် သံဃာ့ နာယကအဖွဲ့တွေရယ်၊ ကျောင်းထိုင် ဆရာတော်တွေရဲ့ သဘောတူညီကြောင်း မှတ်ချက်တွေ ရရှိထားပြီး ဖြစ်ပါတယ်။ တံတားကိုပဲ ဆောက်လုပ်ရေး ဝန်ကြီးဌာနနဲ့ ညှိနှိုင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
  • Voice : ဒီစီမံကိန်းရဲ့ ကုန်ကျစရိတ်နဲ့ ဘယ်အချိန်မှာ ပြီးစီးနိုင်မလဲ
    • SOM : ဒီစီမံကိန်းကို ၂ နှစ်နီးပါး ကြာအောင် ဖြစ်နိုင်ခြေ စူးစမ်း လေ့လာမှုတွေ၊ ဒီဇိုင်းတွေ လုပ်ခဲ့ရတယ်။ ဒါကို Hunan Hydro and Power Design Institute (HHPDI)က လုပ်ပေးတာ ဖြစ်ပါတယ်။ နောက်ပြီးတော့ EIA/ SIA အတွက်ကို မြန်မာနိုင်ငံသားပိုင် မြန်မာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး အင်ဂျင်နီယာ ဝန်ဆောင်မှုကုမ္ပဏီ (MSDES) အဖွဲ့ကနေ ဆောင်ရွက်ပေးနေပါတယ်။ ဘဏ္ဍာရေး ကိစ္စနဲ့ ပြန်ကြည့်မယ်ဆိုရင် စီမံကိန်းရဲ့ ကုန်ကျစရိတ်က ကျပ် ၄၃ ဘီလီယံ ကုန်ကျမယ်လို့ တွက်ချက်ထားတယ်။ အရင်းကျေကာလ အနေနဲ့ ၁၅ နှစ်နဲ့ ၃ လ၊ IRR အချိုးက ၇ ဒသမ ၉၉ ရာခိုင်နှုန်း ရှိပါတယ်။ တည်ဆောက်ရေး ကာလက ၃၆ လ ကြာမြင့်မှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၆ ဧပြီ၊ မေလောက်ကမှ ဒီစီမံကိန်းကို စတာပေါ့။ အခုက အကြို အင်ဂျင်နီယာ လုပ်ငန်းပဲ ရှိသေးတဲ့အတွက် စီမံကိန်းအကြီးစား စတယ်လို့တော့ ပြောလို့ မရသေးဘူးပေါ့ဗျာ။ အခုက ချဉ်းကပ်လမ်း၊ စခန်းတွေ၊ ကျောက်ခွဲစက်တွေ၊ ဖျော်စက်တွေ ပြင်ဆင်နေတုန်းပဲ ရှိသေးတယ်။ ကျွန်တော်ထင်တယ် ဒီစီမံကိန်းကြီး အကြီးအကျယ် လုပ်ဖို့အတွက် လာမယ့် မိုးရာသီ အကုန်မှာ စဖို့ ပြင်ဆင်နေပါတယ်။ လူက ၈၀၀ ကျော်လောက်နေမှာဆိုတော့ အကုန်လုံး ပြင်ဆင်နေရတယ်။ ခန့်မှန်းခြေကတော့ လာမယ့် မိုးအကုန်မှာ ဒီစီမံကိန်းကို အရှိန်အဟုန် မြှင့်တင် ဆောင်ရွက်ဖို့ စီစဉ်ထားပါတယ်။
  • Voice : စီမံကိန်း ကုန်ကျစရိတ်က များပြားတာကြောင့် ဒီငွေကြေး လိုအပ်ချက်ကို ဘယ်လို ဖြည့်ဆည်းမှာပါလဲ။
    • SOM : အဲဒီအတွက် အများပြည်သူ အစုရှယ်ယာ ဝယ်ယူရန် ကနဦး ကမ်းလှမ်းချက် (IPO) ကို ကျွန်တော်တို့ ပြင်ထားပါတယ်။ ဒီ IPO လုပ်ငန်းစဉ်ကိုတော့ Underwriter ဖြစ်တဲ့ KBZSC နဲ့ လုပ်သွားပါမယ်။ သူကနေပြီးတော့ ပြန်ချိတ်ဆက်ပေးတဲ့ တခြားအဖွဲ့ လေးဖွဲ့ ရှိပါတယ်။ VDB Loi က Law Firm, Deloitte က Business Valuation၊ နောက်ပြီး တော့ BDO က Internal & External Control, Excellence Choice က Corporate Governance အပိုင်းပေါ့။ အဓိကတော့ KBZSC ပဲ။
  • Voice : ရှယ်ယာအသစ် ဘယ်လောက် ပမာဏ ထုတ်ရောင်းဖို့ စီစဉ်ထားလဲ၊ ရှယ်ယာ စျေးနှုန်းကို ဘယ်လောက် ဖြစ်မယ်လို့ သတ်မှတ်ထားလဲ။
    • SOM : ရှယ်ယာစျေးနှုန်းကတော့ Deloitte က စျေးနှုန်း သတ်မှတ်တဲ့အပိုင်းကို အခု လုပ်ဆောင်နေဆဲ ဖြစ်တာကြောင့် ပြောလို့ မရသေးပါဘူး။ ထုတ်ရောင်းမယ့် ငွေပမာဏကတော့ ကျပ် ဘီလီယံ ၂၀ လောက် ထုတ်သွားဖို့ ရှိပါတယ်။ ဒါပေမဲ့ ဒီ ၂၀ ဘီလီယံကို လေးကြိမ်လောက် ခွဲပြီးတော့ ထုတ်ရောင်းသွားမယ်။ မဟုတ်ရင် ရင်းနှီးမြှုပ်နှံသူတွေ၊ ပြည်သူတွေက မကောင်းဘူးပေါ့ဗျာ။
  • Voice : Securities ကုမ္ပဏီတွေ အနက်က ဘာကြောင့် KBZSC ကို ရွေးချယ်ခဲ့တာလဲ။
    • SOM : ၂၀၁၅ ဒီဇင်ဘာ ၉ ရက် နောက်ပိုင်း ကျွန်တော်တို့ IPO အတွက် ပြင်ဆင်တဲ့အခါမှာ ဘယ်ကုမ္ပဏီမှ လိုင်စင် မကျသေးဘူး။ KBZSC တစ်ခုပဲ လိုင်စင်ရ သေးတယ်။ နောက်တစ်ခုက KBZSC နဲ့ စတင် ဆွေးနွေးချိန်မှာ သူတို့ကုမ္ပဏီနဲ့ပတ်သက်တဲ့အချက် အလက်တွေ၊ သူတို့နဲ့ပေါင်းထားတဲ့ Stirling Coleman ကုမ္ပဏီရဲ့ အချက်အလက်တွေကို ကြည့်တဲ့အခါ ခိုင်မာတာ တွေ့ရတယ်။ နောက်ပြီးတော့ ကမ္ဘောဇဘဏ်သည် ရှမ်းပြည်ကနေ အခြေတည်ပြီးတော့ ဖြစ်လာတဲ့ကုမ္ပဏီ ဖြစ်တဲ့အတွက် ကျွန်တော်တို့ ရှမ်းပြည် ကုမ္ပဏီ အချင်းချင်းကို ပိုဦးစားပေးတဲ့ အနေအထားကို ပုံဖော်ချင်တာလည်းပါပါတယ်။ နောက်တစ်ခု KBZ ရဲ့ နောက်ခံကလည်း တကယ် တောင့်တင်းပြီး ဝန်ဆောင်မှုလည်း အကောင်းဆုံးပဲဖြစ်တာ တွေ့ရတယ်။
  • Voice : လက်ရှိ မြန်မာနိုင်ငံရဲ့ စတော့ရှယ်ယာ စျေးကွက် အခြေအနေကို ဘယ်လိုမြင်မိပါလဲ။
    • SOM : လက်ရှိ စတော့စျေးကွက် အခြေအနေက ကျေနပ် နှစ်သိမ့်ဖွယ်ရာတော့ မရှိဘူးပေါ့ဗျာ။ ဒါပေမဲ့ စတော့အိတ်ချိန်းမှာ ရှိနေတဲ့ နောင်တော် ကုမ္ပဏီ ကြီးတွေက IPO ရှယ်ယာအသစ် မထုတ်သေးတာလည်း ပါကောင်းပါပါလိမ့်မယ်။ နောက်တစ်ခုက ပြည်သူလူထုရဲ့ စတော့အိတ်ချိန်းနဲ့ ပတ်သက်တဲ့ ဗဟုသုတကို မြန်မြန်နဲ့ ဖြန့်ဝေပေးဖို့ လိုတယ်။ စတော့ စျေးကွက်နဲ့ ပတ်သက်လို့ မသိသေးချိန်မှာ နိုင်ငံခြားသားတွေကိုပါ ပါဝင်ခွင့် ပေးလိုက်ရင်လည်း အစိုင်းတပြင်း ကြိုးစား ဆောင်ရွက်နေပါတယ်။
  • Voice : ကုမ္ပဏီရဲ့ ခွင့်ပြုမတည်ရင်းနှီးငွေနဲ့ ထုတ်ဝေပြီး ရှယ်ယာ အစုပေါင်း ဘယ်လောက် ရှိပါပြီလဲ။
    • SOM : အစုရှယ်ယာက အားလုံးပေါင်း ၅၄,၀၀၀ လောက်ဖြစ်သွားပြီ။ အစုရှယ်ယာရှင်ပေါင်း ၅၂၀ ဝန်းကျင် ရှိပါတယ်။ ခွင့်ပြု မတည်ရင်းနှီးငွေက ကျပ် ငါးဘီလီယံပဲ မှတ်ပုံတင်ထားတာဆိုတော့ အခုခွင့်ပြု မတည်ရင်းနှီးငွေကို ကျပ် ၃၀ ဘီလီယံအထိ တိုးဖို့ လျှောက်ထားပြီး ဖြစ်ပါတယ်။ နောက်တစ်ခုက ရှယ်ယာ တန်ဖိုးကိုလည်း ကျပ်တစ်သိန်းကနေ အစုတစ်စုကို ကျပ်တစ်ထောင်အဖြစ် လျှော့ချလိုက်ပါတယ်။ ဒီနှစ် နှစ်ပတ်လည် အစည်းအဝေးမှာ ရှယ်ယာရှင်တွေရဲ့ သဘောတူ ဆုံးဖြတ်ချက်နဲ့ လုပ်ခဲ့ပါတယ်။

      ဘာလို့ အခုကတည်းက ခွဲထုတ်ရသလဲဆိုရင် တစ်သိန်းတန် ရှယ်ယာသည် Book Value အရ၊ သုံးနှစ်တာအတွင်း လုပ်ငန်း အောင်မြင်မှုအရ တစ်စုကို နှစ်သိန်း တစ်သောင်းလောက် ပေါက်သွားပြီဆိုတော့ စတော့အိတ်ချိန်းမှာ သိန်းဂဏန်းကျော်သွားရင် ပြည်သူလူထု အကျိုး ရှိမလားဆိုတာ မသိသေးဘူး။ ဒါပေမဲ့ အများပြည်သူ ဝယ်လို့ရနိုင်အောင် ပြင်ဆင်လိုက်တာ ဖြစ်ပါတယ်။
  • Voice : နမ့်ပေါ်စီမံကိန်းအပြင် တခြား ရင်းနှီးမြှုပ်နှံမှု လုပ်ဖို့ စီစဉ်ထားတာတွေ ရှိပါသလား။
    • SOM : တခြား ရင်းနှီးမြှုပ်နှံမှု အနေနဲ့ ကျောက်ဖြူ စီးပွားရေးဇုန်မှာ ပါဝင်ဆောင်ရွက်ဖို့ စဉ်းစားထားပါတယ်။ အဲဒီမှာ အပိုင်း သုံးပိုင်း ရှိတာပေါ့၊ ရေနက် ဆိပ်ကမ်း၊ စက်မှုဇုန်နဲ့ အိမ်ရာ အပိုင်းပေါ့။ ကျွန်တော်တို့က ရေနက်ဆိပ်ကမ်းနဲ့ စက်မှုဇုန်အပိုင်းကို စိတ်ဝင်စားတယ်။ အိမ်ရာအပိုင်းကိုတော့ သိပ်စိတ်မဝင်စားဘူး။ အခြေခံ အဆောက်အဦပိုင်းကျတော့ တိုင်း ပြည်အတွက်လည်း အကျိုး ရှိတယ်၊ ကိုယ့်အတွက်လည်း ပုံရိပ်ကောင်းတာပေါ့။
  • Voice : ဂရိတ်ဟော်ခမ်းရဲ့ အဓိက မဏ္ဍိုင်ပြုထားတဲ့ စီးပွားရေး နယ်ပယ်က ဘာလဲ။
    • SOM : ကျွန်တော်တို့ရဲ့ အဓိက စီးပွားရေးက ရေအားလျှပ်စစ်ပဲ။ ပြောမယ်ဆိုရင်တော့ အခြေခံ အဆောက်အဦ တည်ဆောက်ရေးပေါ့။ ပြီးတော့ တခြားစက်မှု လုပ်ငန်းသုံး ပစ္စည်းထုတ်လုပ်ရေးတွေ၊ ဥပမာ ခွဲကျောက် ထုတ်လုပ်တာ၊ တည်ဆောက်ရေး လုပ်ငန်းသုံး ဓာတုဗေဒပစ္စည်းတွေ ထုတ်လုပ်ဖို့ ပြင်ဆင်နေတာတွေ ရှိပါတယ်။ ရင်းနှီးမြှုပ်နှံမှု အပိုင်းမှာတော့ အိမ်၊ ခြံ၊ မြေအပိုင်းကို လုပ်ဖို့လည်း ရှိပါတယ်။
  • Voice : ဒီကုမ္ပဏီရဲ့ အဓိက ရှယ်ယာရှင်ထဲမှာ ဒုတိယ သမ္မတဟောင်း ဒေါက်တာ စိုင်းမောက်ခမ်း ပါတယ်လို့ ပြောကြတယ်။ ဟုတ်ပါသလား။ ပြီးတော့ ကုမ္ပဏီရဲ့ အဓိက ရှယ်ယာရှင် ဘယ်နှယောက်လောက် ရှိပါသလဲ။ အဲဒီ ရှယ်ယာရှင်တွေက ကုမ္ပဏီရဲ့ ဘယ်လောက် ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပါသလဲ။
    • SOM : သူ မပါပါဘူးခင်ဗျ။ ဒါပေမဲ့ ဒေါက်တာ စိုင်းမောက်ခမ်းက ကျွန်တော့်ဦးလေးပါခင်ဗျ။ သူ့ရှယ်ယာတော့ မပါပါဘူး။ ကုမ္ပဏီရဲ့ အဓိက ရှယ်ယာရှင် ၁၅ ယောက်လောက် ရှိပါတယ်။ အဓိက ရှယ်ယာရှင်တွေရဲ့ ပိုင်ဆိုင်မှုက ၇၀ ရာခိုင်နှုန်းကျော် ပါတယ်။
  • Voice : ကုမ္ပဏီနဲ့ ပတ်သက်လို့ ဘာများ ထပ်ဖြည့် ပြောချင်ပါသေးသလဲ။
    • SOM : ဒီကုမ္ပဏီကို စထောင်ကတည်းက ငွေကြေး အရင်းအနှီး စျေးကွက်ကို သွားမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ၂၀၁၂ မှာ စခဲ့တာပါ။ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေ မစတင်နိုင်ခင်မှာ တည်ဆောက်ရေး လုပ်ငန်းတွေ လုပ်ပြီး ရှယ်ယာရှင်တွေကို အကျိုးအမြတ် ရရှိစေခဲ့တယ်။ အခု နမ့်ပေါ် ရေအားလျှပ်စစ် လုပ်ငန်းကို အများပြည်သူ ပါဝင်ပြီး ရင်းနှီးမြှုပ်နှံနိုင်အောင် ကြိုးပမ်း ဆောင်ရွက်နေပါတယ်။
  • SOM = စိုင်းအုန်းမြင့်