ပထမအကြိမ် အဓိကသက်ဆိုင်သူများ တွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေးမှတ်တမ်း (ဒုတိယနေ့)

ဂရိတ်ဟော်ခမ်း အများပိုင်ကုမ္ပဏီလီမိတက်၊ မူဆယ်မြို့
နမ့်ပေါ်ရေအားလျှပ်စစ်စီမံကိန်း၊ ပထမအကြိမ်အဓိကသက်ဆိုင်သူ/ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးပွဲအခမ်းအနား
ဒုတိယနေ့ အစည်းအဝေးမှတ်တမ်း

၁။ အစည်းအဝေးတက်ရောက်သူများ
  1. ဦးအောင်ပြည့်မြတ် မြို့နယ်ဒုဦးစီးမှူး၊ မြို့နယ်ထွေ/ အုပ်
  2. ဦးစိုင်းစံအေး ကျေးရွာအုပ်ချုပ်ရေးမှူး၊ တိန်းလုံကျေးရွာ
  3. ဦးစိုင်းလှိုင်းဆိုင် ကျေးရွာအုပ်ချုပ်ရေးမှူး၊ ပန်ခမ်းကျေးရွာ
  4. ဦးအောင်နန္ဒ အုပ်ချုပ်မှုဒါရိုက်တာ၊ MSDES ကုမ္ပဏီလီမိတက်
  5. ဒေါက်တာကျော်စွာတင့် အတိုင်ပင်ခံ၊ MSDES ကုမ္ပဏီလီမိတက်
  6. ဒေါက်တာသန်းအောင်ထွေး အတိုင်ပင်ခံ၊ MSDES ကုမ္ပဏီလီမိတက်
  7. ဒေါက်တာကျော်မောင်မောင်ဟိန်း လက်ထောက်မန်နေဂျာ၊ MSDES ကုမ္ပဏီလီမိတက်
  8. ဦးသပြေမျိုးဦး Project Coordinator, MSDES ကုမ္ပဏီလီမိတက်
  9. ဦးဆန်းဝင်းထွန်း Project Coordinator, MSDES ကုမ္ပဏီလီမိတက်
  10. စိုင်းအုန်းမြင့် အုပ်ချုပ်မှုဒါရိုက်တာ၊ GHK Public Co., Ltd
  11. စိုင်းရီမွန် ဒါရိုက်တာ (စီမံ)၊ GHK Public Co., Ltd
  12. စိုင်းတင်အောင် ဒါရိုက်တာ (စီမံကိန်း)၊ GHK Public Co., Ltd
  13. စိုင်းထွန်းမြင့် ဒါရိုက်တာ (စက်မှု)၊ GHK Public Co., Ltd
  14. စိုင်းညီဆာ ဒါရိုက်တာ (ICT)၊ GHK Public Co., Ltd
  15. စိုင်းဆမ်မောဝ် ဒါရိုက်တာ (ဆောက်လုပ်ရေး)၊ GHK Public Co., Ltd
  16. စိုင်းကျော်ညွှန့် ဒါရိုက်တာ၊ GHK Public Co., Ltd နှင့်
  17. ဒေသခံပြည်သူများ ၁၁၅ ဦး
၂။ ရည်ရွယ်ချက်

(က)စီမံကိန်းအကောင်အထည်ဖော်မှု ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များ၊ လူမှုနှင့်သဘာဝပတ်ဝန်းကျင် အကျိုးသက်ရောက်မှု ဆန်းစစ်လေ့လာခြင်း ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များကို ပြည်သူလူထုထံသို့ ပွင့်လင်းမြင်သာစွာချပြရန်။

(ခ)စီမံကိန်းအကောင်အထည်ဖော်မှုနှင့်စပ်လျဉ်းပြီး ဒေသခံပြည်သူလူထု၏အမြင်၊ သဘောထားနှင့် အကြံပြုချက်များ ရယူရန်။

(ဂ)နိုင်ငံတော်အကျိုးပြု စီမံကိန်းလုပ်ငန်းများတွင် ပြည်သူလူထုမှ ပူးပေါင်းပါဝင်လာစေရန်။

၃။ ဆွေးနွေးချက်
(၁) စိုင်းအုန်းမြင့်၊ အုပ်ချုပ်မှုဒါရိုက်တာ၊ ဂရိတ်ဟော်ခမ်း အများပိုင်ကုမ္ပဏီလီမိတက်မှ ဆွေးနွေးတင်ပြမှု
စိုင်းအုန်းမြင့်မှ နှုတ်ခွန်းဆက်စကား ပြောကြားပြီး အခမ်းအနား ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ပဏာမ ဆွေးနွေး တင်ပြပါသည်။ ယနေ့ ဟိုပေါ့ကျေးရွာ၊ လူငယ်ဇရပ်တွင် ကျင်းပပြုလုပ်သော နမ့်ပေါ် ရေအားလျှပ် စစ်စီမံကိန်း ပထမအကြိမ် အဓိကသက်ဆိုင်သူများ/ ကိုယ်စားလှယ်များ အစည်းအဝေးတွင် နမ့်ပေါ် ရေအားလျှပ်စစ် စီမံကိန်းနှင့် ပတ်သက်၍ ပြင်ဆင်ထားမှုအား ချပြသွားမည် ဖြစ်ကြောင်း၊ လိုအပ်ချက်များ ရှိကောင်းရှိလိမ့်မည် ဖြစ်၍ ဝိုင်းဝန်းဖြည့်စွက် အကြံဉာဏ်ပေးကြရန် မေတ္တာရပ်ခံလိုကြောင်း ပြောကြားပါသည်။
ယနေ့ လာရောက် ဆွေးနွေးတင်ပြသည့် စီမံကိန်း အကြောင်းအရာနှင့် ပြင်ဆင် ဆောင်ရွက်ခဲ့သည့် အချိန်ကာမှာ ၁-နှစ်ခွဲခန့် ရှိပြီဖြစ်ကြောင်း၊ အသေးစား ရေအားလျှပ်စစ် ဆိုသော်လည်း လုပ်ငန်း ပမာဏ မသေးနေသဖြင့် ဒီဇိုင်းလုပ်ငန်းကို သေချာ ကောင်းမွန် ခိုင်ခန့်အောင် အဖက်ဖက်မှ ကြည့်ရှု ဆောင်ရွက်ရခြင်း၊ အချိန်ယူပြီး လုပ်ခဲ့ရခြင်းကြောင့် ဒေသခံ ပြည်သူများကို တင်ပြရာတွင် ဒီဇိုင်းမပြီးစီးပါက အပြောသက်သက်သာရှိပြီး ဘယ်လို အကျိုးရလဒ်တွေ ရှိမလဲဆိုတာ ပြောပြလို့ မရပါကြောင်း၊ ယခုအခါတွင် ဒီဇိုင်းလုပ်ငန်းပြီး စီးသွားပြီ ဖြစ်၍ အကြမ်းအားဖြင့် သိရပြီးဖြစ်ကြောင်း၊ ယခုလို သိလာရတဲ့ အချိန်ကာလမှာ တတိယ အဖွဲ့အစည်းဖြစ်တဲ့ မြန်မာစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု အင်ဂျင်နီယာ (MSDES) ကုမ္ပဏီကို ဖိတ်ခေါ်ပြီး သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုစီးပွားဝန်းကျင် ထိခိုက်နိုင်ခြေ စူးစမ်းလေ့လာမှုကို ဆောင်ရွက်မှာဖြစ်ကြောင်း၊ အဓိက ရည်ရွယ်ချက်မှာ (MSDES) အဖွဲ့မှ ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး ယနေ့ ဆွေးနွေးတင်ပြမည်ဖြစ်၍ MSDES အဖွဲ့နှင့် မိတ်ဆက်ပေးလိုကြောင်း ပြောပြီး MSDES အဖွဲ့ဝင်များနှင့် မိတ်ဆက်ပေးခဲ့ပါသည်။
ဆက်လက်၍ စိုင်းအုန်းမြင့်မှ မိမိတို့ဂ ရိတ်ဟော်ခမ်း အများပိုင် ကုမ္ပဏီနှင့် မိတ်ဆက်ပေးလိုကြောင်း၊ ဂရိတ်ဟော်ခမ်း အများပိုင် ကုမ္ပဏီသည် မူဆယ်မြို့၊ ကောင်းမူးလွယ် ရပ်ကွက်တွင် တည်ရှိကြောင်း၊ အများပိုင် ကုမ္ပဏီ လီမိတက် ဆိုသည်မှာ ယခု အစိုးရသစ် လက်ထက်တွင် ပြည်သူလူထုနှင့် ပူးပေါင်းပြီး အများပိုင် ကုမ္ပဏီ တည်ထောင်၍ လုပ်ငန်းများ လုပ်ဆောင်ကြရန် မိန့်ကြားခဲ့ပါကြောင်း၊ ထို့ကြောင့် ၁၂.၁၂.၂၀၁၂ ရက်နေ့တွင် အများပိုင် ကုမ္ပဏီကို စတင် တည်ထောင်ခဲ့ပါသည်။ တည်ထောင်ပြီးပြီးချင်း ဧက ၃၀၀-ခန့်ရှိသော မူဆယ်မြို့၊ ဗဟို စီးပွားရေးဇုန် စီမံကိန်း၊ နယူးစတားလိုက် ကုမ္ပဏီတွင် (Main) ပင်မကန်ထရိုက်တာ အဖြစ် ဆောင်ရွက်ခဲ့ပါကြောင်း၊ ယနေ့အချိန်ထိ အခြေခံ အဆောက်အအုံ အဖြစ် လမ်း၊ တံတား၊ မီး၊ ရေလုပ်ငန်း ၇၅% ပြီးစီးပြီ ဖြစ်ကြောင်း၊ တည်ထောင်ပြီး ၆-လခန့်တွင် မိမိတို့ ဒေသ၏ သဘာဝ အရင်းအမြစ်အား အသုံးချပြီး ဘာတွေလုပ်လို့ရမလဲ စူးစမ်း လေ့လာကြည့်သောအခါ ပထမ နမ့်ပေါ်ချောင်းကို တွေ့ရှိပြီး ဒုတိယ နမ့်ခိုင်ချောင်း၊ တတိယ နမ္မတူမြစ် စသည့် သဘာ ဝသယံဇာတတွေကို အများပိုင် ကုမ္ပဏီ အနေဖြင့် ပြည်သူလူထုနှင့် ပူးပေါင်းပြီး လုပ်ပါက ဖြစ်နိုင်ခြေ အလားအလာ အများကြီးရှိကြောင်း၊ အများပိုင် ကုမ္ပဏီ ဆိုသည်မှာ အသက် ၁၈-နှစ်ပြည့်ပြီး မြန်မာနိုင်ငံသား ဖြစ်ရမည်။ ထိုပုဂ္ဂိုလ်မျိုး မည်သူမဆို ပူးပေါင်း ပါဝင်ခွင့်ရှိကြောင်း၊ ထို့ကြောင့် တစ်ဦးတစ်ယောက် အင်အားဖြင့် လုပ်၍မရသည့် ဒေသအတွင်းရှိ သဘာဝ သယံဇာတ အရင်းအမြစ်ကို အသုံးချခြင်းသည် အသင့်တော်ဆုံး ဖြစ်ကြောင်း၊ ဘာကြောင့် ရေအားလျှပ်စစ်ကို ရွေးချယ်ရသနည်း ဆိုလျှင် မိမိတို့နိုင်ငံသည် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးနိုင်သည့် ပမာဏမှာ နိုင်ငံ လူဦးရေ၏ ၃၀% ခန့်သာ ဖြန့်ဝေပေးနိုင်ကြောင်း၊ လျှပ်စစ်ဓာတ်အားသည် အခြေခံ အဆောက်အအုံတွင် ပါဝင်ကြောင်း၊ ဒေသအတွက် အထောက်အကူဖြစ်ရေး၊ နိုင်ငံတော်အတွက် တစ်ထောင့်တစ်နေရာ အုတ်တစ်ချပ် သဲတစ်ပွင့်ဖြစ်ရေး ဝိုင်းဝန်းပါဝင် ဆောင်ရွက်ရန် ရည်ရွယ်ချက်ဖြင့် ရေအားလျှပ်စစ် စူးစမ်းလေ့လာမှု ပြုလုပ်ရခြင်း ဖြစ်ကြောင်း၊ ယနေ့ ဒီဇိုင်းလုပ်ငန်း ဆောင်ရွက် ပြီးစီးပြီးဖြစ်၍ မိမိတို့ ပြင်ဆင်ထားသည့် ရေအားလျှပ်စစ် ဒီဇိုင်း အစီအမံများကို တင်ပြသွားမှာ ဖြစ်ကြောင်း နမ့်ပေါ် ရေအားလျှပ်စစ် တည်ဆောက်ရေး ရှေ့လုပ်ငန်းစဉ်များအား အပိုင်း ၁၀-ပိုင်း ခွဲ၍ တင်ပြသွားမှာ ဖြစ်ကြောင်း၊ ရည်ရွယ်ချက် စီမံကိန်းတည်နေရာ၊ စီမံကိန်းဆိုင်ရာ အချက်အလက်၊ ဖြစ်နိုင်ခြေ စူးစမ်းလေ့လာမှု၊ မိုးလေဝသနှင့် ဇလဗေဒ ဆိုင်ရာ စူးစမ်းမှု၊ လမ်းအူကြောင်း ရွေးချယ်ခြင်း၊ သဘာဝနှင့် လူမှုဝန်းကျင် သက်ရောက်နိုင်ခြေ စူးစမ်းလေ့လာမှု ရင်းနှီးမြှုပ်နှံ ကုန်ကျစရိတ် နှိုင်းယှဉ်ချက်၊ စီမံကိန်း ဖော်ဆောင်ရေး အစီအစဉ်များအား ဓာတ်ပုံမှတ်တမ်းနှင့်တကွ Projector ဖြင့် အသေးစိတ် ရှင်းလင်းဆွေးနွေး တင်ပြပါသည်။
ဆက်လက် ဆွေးနွေးရာတွင် MSDES အဖွဲ့သည် တတိယ အဖွဲ့အစည်း ဖြစ်ခြင်းကြောင့် ဒီဇိုင်းလုပ်ငန်းနှင့် မပတ်သက်ပါကြောင်း၊ လုပ်ငန်းလုပ်ကိုင်မည့် ကုမ္ပဏီနှင့် ပြည်သူလူထု ကြားတွင် ရပ်တည်ပြီး သမာသမတ်ကျကျ လုပ်ဆောင်သွားမည့် အဖွဲ့အစည်း ဖြစ်ကြောင်း၊ ရေအားလျှပ်စစ် အကောင်အထည် ဖော်မှုကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု အနည်းအကျဉ်း ရှိမှာဖြစ်ပြီး ဒေသခံ ပြည်သူလူထုအတွက် စီးပွားရေး လိုအပ်ချက်များကို တစ်ထောင့် တစ်နေရာမှ ဖြည့်စွမ်းပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ MSDES အဖွဲ့၏ သဘာဝနှင့် လူမှုဝန်းကျင် စူးစမ်းခြင်း၊ သက်ရောက်မှုလုပ်ငန်းစဉ်တွင် ပိုမို ကောင်းမွန်သည့် ရလဒ်ကောင်းများ ရရှိစေရန် စူးစမ်းလေ့လာမှု လုပ်ငန်းစဉ်တွင် ဒေသခံ ပြည်သူလူထု ကိုယ်စားလှယ်များ ဝိုင်းဝန်းပါဝင်ကြရန် မေတ္တာရပ်ခံလိုကြောင်း ဆွေးနွေးပြောကြားသွားပါသည်။
(၂) ဦးအောင်နန္ဒ၊ အုပ်ချုပ်မှုဒါရိုက်တာ (MSDES Co., Ltd)မှ ဆွေးနွေးတင်ပြမှု
ဦးအောင်နန္ဒမှ ဦးစွာ မိတ်ဆက် အမှာစကား ပြောကြားပြီး ပထမအကြိမ် အဓိကသက်ဆိုင်သူ/ ကိုယ်စားလှယ်များ တွေ့ဆုံပွဲ အခမ်းအနားသို့ မအားလပ်သည့်ကြားမှာ တက်ရောက်ပေးသည့် အတွက် ပထမဦးဆုံး အနေဖြင့် ကျေးဇူး တင်ကြောင်း၊ နမ့်ပေါ် ရေအားလျှပ် စစ်စီမံကိန်း အတွက် သဘာဝပတ်ဝန်းကျင်နှင့် လူမှုစီးပွား ဆန်းစစ် လေ့လာရေး အဖွဲ့ အနေဖြင့် မိမိတို့၏ အခန်းကဏ္ဍ၊ မိမိတို့၏ ရပ်တည်မှု၊ မိမိတို့၏ အမြင်ကို ပြောပြချင်ကြောင်း၊ ဝန်ဆောင်မှု ပေးသည့် ကုမ္ပဏီ အနေဖြင့် အမြင် သဘောထား ဖွံ့ဖြိုးမှုများ လုပ်သည့်အခါ ပစ္စုပ္ပန်အတွက် လိုအပ်ချက်ကို ဖြည့်ဆည်းပေးသလို အနာဂတ် မျိုးဆက်သစ် လူငယ်များ အတွက် အနာဂတ်တွင် လိုအပ်မည့် လိုအပ်ချက်များ၊ ပစ္စုပ္ပန်ရော အနာဂတ်ပါ ရှေးရှုပြီး ဆောင်ရွက်သွားရမှာ ဖြစ်ကြောင်း၊ ယခု နောက်ပိုင်း စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်သည့်အခါ စီမံကိန်းကို ပြီးစလွယ်လုပ်၍ မရပါကြောင်း၊ စီမံကိန်း ပတ်ဝန်းကျင်ရှိ သဘာဝ သယံဇာတကို ဘယ်လို ခြိုးခြံချွေတာစွာနဲ့ ဘယ်လို အကျိုးရှိအောင် လုပ်မလဲ၊ စီမံကိန်း အကောင်အထည် ဖော်မှု၊ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှု၊ သဘာဝ သယံဇာတများကို အကျိုးရှိအောင် အသုံးချမှု ဒီအချက်တွေကို ဟန်ချက်ညီညီနဲ့ ဆောင်ရွက် လာကြရကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှု တစ်ခုတည်းကို ကြည့်၍မရပါ ဖွံ့ဖြိုးတိုးတက်မှု၊ လူမှုစီးပွား ဒီ ၂-ချက်ပဲ ကြည့်၍မရ၊ ဖွံ့ဖြိုးတိုးတက်မှု၊ လူမှုစီးပွား ပတ်ဝန်းကျင် သယံဇာတ ရှေးရှုပြီး ကြည့်ရကြောင်း၊ ဟန်ချက်ညီညီနှင့် ခြေထောက် သုံးချောင်း ထောက်ထားသကဲ့သို့ တစ်ခုခု ပြိုလဲတာနဲ့ ဟန်ချက်ပြိုပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုလည်း မဖြစ်နိုင်ကြောင်း၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု အဓိပ္ပါယ် ဆိုသည်မှာ စီမံကိန်း အကောင်အထည် ဖော်မှု၊ လူမှုစီးပွား အကျိုးတရား၊ သဘာဝ သယံဇာတ ဒီ ၃-ချက်ကို ထည့်သွင်း စဉ်းစားတဲ့ ဖွံ့ဖြိုးမှုကို စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ဟုခေါ်ကြောင်း၊ ကုမ္ပဏီ၏ ရပ်တည်ချက်မှာလည်း ထို့အတူပင် ဖြစ်ကြောင်း၊ အချုပ်ကို ပြောရလျှင် ကျွန်တော်တို့ (MSDES) သည် အင်ဂျင်နီယာ ဝန်ဆောင်မှုကို ဆောင်ရွက်သည့်အခါ အချက် ၃-ချက်ကို ညီညီမျှမျှ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ စီမံကိန်း ပိုင်ရှင်ဖြစ်သူ ဂရိတ်ဟော်ခမ်းဘက်ကို လိုက်၍ မရကြောင်း၊ ကျွန်တော်တို့ ကြည့်ရမည့် မျက်နှာသည် ဖွံ့ဖြိုးတိုးတက်မှု၊ လူမှုစီးပွား၊ ပတ်ဝန်းကျင် သယံဇာတ၊ အချက် ၃-ချက် ကိုပဲ ကြည့်ရမှာ ဖြစ်ကြောင်း၊ ဆက်လက်၍ ယခု အခမ်းအနား အစီအစဉ်နှင့် ပတ်သက်၍ အနည်းငယ် တင်ပြလိုကြောင်း ဒေသခံ ရပ်မိရပ်ဖများနှင့် ဒေသ အုပ်ချုပ်ရေး အဖွဲ့အစည်းများ ထိုင်နေသည့် စားပွဲပေါ်တွင် အကြံပြုတောင်းခံလွှာ ချထားကြောင်း၊ ဒီအကြံပြု တောင်းခံလွှာမှာ စီမံကိန်းနှင့် ပတ်သက်၍ ဘယ်လို ဆောင်ရွက်လျှင် ကောင်းမည်၊ မိမိတို့ သဘောထား စီမံကိန်း အပေါ် အမြင် အကျိုးရှိမယ်/ မရှိဘူး၊ ပြီးရင် ဒီထက် ပိုကောင်းအောင် ဘာလုပ်စေချင်တယ်၊ မိမိတို့ရဲ့ စိုးရိမ်စိတ် သောက၊ စီမံကိန်းနှင့် ပတ်သက်ပြီး ကောင်းကျိုးဆိုးကျိုး သိချင်တာပဲဖြစ်ဖြစ် အကြံပေးချင်တာပဲဖြစ်ဖြစ် ကြိုက်နှစ်သက်ရာ ဘာသာစကားဖြင့် ရေးပေးပါ။ ဒီနေ့ တွေ့ဆုံပွဲ အခမ်းအနား၏ အဓိက ရည်ရွယ်ချက်သည် ဒေသခံ ရပ်မိရပ်ဖများ၏ သဘောထား အမြင်ကို လိုချင်၍ ဖြစ်ကြောင်း၊ ဒီလို ရေးသားပေးတဲ့ အခါ လက်မှတ် ရေးထိုးရန်နှင့် အမည်၊ အလုပ်အကိုင်၊ နေရပ်လိပ်စာ၊ ကျေးရွာအမည်များ ထည့်ပေးစေလိုကြောင်း ပြောကြားသွားပါသည်။
ဆက်လက်၍ ဆွေးနွေးရာတွင် စီမံကိန်းနှင့် ပတ်သက်၍ ပတ်ဝန်းကျင် ဆန်းစစ်လေ့လာမှု အစီရင်ခံစာကို ပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာနသို့ တင်ပြပြီးလျှင် ဝန်ကြီးဌာနမှ ပြန်လည်သုံးသပ်ပေးမှာ ဖြစ်ကြောင်း၊ အချိန်ကာလအားဖြင့် ၃-လခန့် ကြာမည်ဖြစ်ကြောင်း၊ စီမံကိန်းပိုင်ရှင်မှ လိုက်နာဆောင်ရွက်ရန် အချက်အလက်များဖြင့် ပြန်လည်သုံးသပ်ထားသည့် စာအုပ်ကို ဒေသအာဏာပိုင်ထံတွင် တစ်အုပ်ထားရှိမှာ ဖြစ်၍ အချိန်မရွေးသွားရောက် ကြည့်ရှုနိုင်ကြောင်း၊ နမ့်ပေါ် ရေအားလျှပ်စစ် စီမံကိန်းနှင့် ပတ်သက်၍ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာနမှ လမ်းညွှန်ချက်များ ချမှတ်ပေးခဲ့ကြောင်း၊ စီမံကိန်း လေ့လာဆန်းစစ်ရေးအဖွဲ့ အနေဖြင့် စီမံကိန်း၏စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှုရန်၊ ထိခိုက်မှုများကို လျော့ချရန်၊ ရရှိတဲ့ အကျိုးရလဒ်ကို မြှင့်တင်ရန်နှင့် ပတ်ဝန်းကျင် လူမှုစီးပွား စီမံခန့်ခွဲမှု ထည့်သွင်းရေးဆွဲရန်၊ ဒေသခံ ပြည်သူလူထု၏ အကျိုးစီးပွား၊ အခန်းကဏ္ဍ၊ သဘောထား၊ ဆန္ဒ၊ အကြံပြုချက်များကို အလေးအနက်ထား ဆောင်ရွက်ရန်နှင့် လေ့လာတဲ့အခါ အထူးပြုဆောင်ရွက်ရန် လမ်းညွှန် မှာကြားခဲ့ပါကြောင်း၊ စီမံကိန်းနှင့် ဆက်စပ်သည့် နေရာများတွင် လိုအပ်ချက်ပေါ် မူတည်ပြီး ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး ကဏ္ဍတွင် စီမံကိန်း ပိုင်ရှင်မှ ပံ့ပိုးကူညီ စောင့်ရှောက်ရမှာ ဖြစ်ကြောင်း၊ ပံ့ပိုးကူညီ စောင့်ရှောက်သည့် နေရာတွင် ‘ လူမှုစီးပွား ပူးပေါင်းတာဝန်ယူမှု ’ တို့ဆောင်ရွက်ရမှာ ဖြစ်ကြောင်း၊ စီမံကိန်း ဆောင်ရွက်သူသည် ရရှိလာသည့် အကျိုးအမြတ်ကို အကုန်ယူ၍ မရကြောင်း၊ ဒေသအကျိုးအတွက် ပြန်လည် အသုံးချရမှာ ဖြစ်ကြောင်း၊ ယခုခေတ် ကာလတွင် နိုင်ငံတကာ၏ အလေ့အကျင့်ကောင်း တစ်ခု ဖြစ်သည့် ( CSR ) ခေါ် လူမှုဝန်းကျင်ဆိုင်ရာ ပူးပေါင်း တာဝန်ယူမှု အစီအစဉ်အဖြစ် ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း၊ လိုအပ်ပါက လျှပ်စစ်ဓာတ်အား ရရှိရန် ကူညီပေးရန်တို့ ဖြစ်ကြောင်း၊ မိမိတို့အဖွဲ့၏ လေ့လာမှုရလဒ်များကို ဒေသခံပြည်သူများ ပွင့်လင်းမြင်သာစွာ ချပြပေးရန်၊ အရှိကို အရှိအတိုင်း ထိန်ဝှက်မထားပဲ အမှန်ကို အမှန်အတိုင်း ချပြရန်၊ လူမှုဝန်းကျင်းဆိုင်ရာ ပူးပေါင်းတာဝန်ယူမှု အစီအစဉ်ကိုလည်း ပြည်သူလူထုအား ပွင့်လင်းမြင်သာစွာ တင်ပြပေးရန်၊ လေ့လာသူ အဖွဲ့အနေဖြင့်လည်း ချောင်းအထက်ပိုင်း ရေဝေရေလဲ ဒေသ စီမံခန့်ခွဲမှုကို အကြံဉာဏ်ပေးရန်၊ ချောင်းရိုးတစ်လျှောက် အထူးပြုဇီဝမျိုးကွဲတွေ အပေါ် ထိခိုက်နိုင်မှုကို အလေးထား လေ့လာပေးရန်၊ ချောင်းအထက်ပိုင်း၊ ချောင်းအောက်ပိုင်းတွင် ချောင်းရေ အသုံးချမှု ချောင်းအထက်ပိုင်း ရေဝေရေလဲဒေသတွင် သစ်တောကြိုးဝိုင်း ရှိမရှိ လေ့လာဆန်းစစ်ရန်၊ နောက်ဆုံးအနေဖြင့် ပတ်ဝန်းကျင် စီမံခန့်ခွဲမှု အစီအစဉ်တွေကို စီမံကိန်း ရင်းနှီးမြှုပ်နှံသူ ဂရိတ်ဟော်ခမ်း အများပိုင်ကုမ္ပဏီလီမိတက်မှ မိမိတို့ ရေးသားထားသည့် စီမံခန့်ခွဲမှု အစီအမံအတိုင်း လိုက်နာဆောင်ရွက်ပါမည်ဟု ကတိကဝတ်ကို ရယူရန် လိုအပ်ကြောင်း၊ နောက်ဆုံးအနေဖြင့် ဒေသခံ ရပ်မိ ရပ်ဖများမှ မိမိ သဘောထားအမြင်၊ ဒီထက် ပိုကောင်းအောင် လုပ်ရန်ဆိုသည့် အကြံပြုချက်၊ စိုးရိမ်မှုများကို အကြံပြုလွှာ စာရွက်တွင် ရေးပေးရန် မေတ္တာရပ်ခံလိုကြောင်း၊ နောက်ဆုံးဆွေးနွေးပွဲ အစီအစဉ်တွင် သိလိုသည်များရှိပါက ဝိုင်းဝန်းဆွေးနွေးပေးရန် ပန်ကြားရင်း နိဂုံးချုပ်ပါကြောင်း ဆွေးနွေးပြောကြားသွားပါသည်။
(၃) ဒေါက်တာသန်းအောင်ထွေး (MSDES)မှ ဆွေးနွေးတင်ပြမှု
ဒေါက်တာ သန်းအောင်ထွေးမှ ပတ်ဝန်းကျင်နှင့် လူမှုစီးပွား အကျိုးသက်ရောက်မှု ဆန်းစစ်လေ့လာခြင်း၊ ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များကို ရှင်းလင်း ဆွေးနွေး တင်ပြလိုကြောင်း “ESIA ဘာကြောင့် လုပ်သလဲ” နှင့်ပတ်သက်၍ ရှင်းလင်း ဆွေးနွေးရာတွင် လူ့အဖွဲ့အစည်းနှင့် အကျိုးစီးပွား ရေရှည်တည်တံ့ ဖွံ့ဖြိုးရေး၊ သဘာဝပတ်ဝန်းကျင် သယံဇာတ နှင့် လူမှုပတ်ဝန်းကျင် အားလုံး ဟန်ချက်ညီမျှမှု ရှိရေး၊ စီမံကိန်း၏ ဆိုးကျိုးကို တတ်နိုင်သမျှ ဖယ်ရှား လျော့နည်းစေ၍ ကောင်းကျိုးကို အတတ်နိုင်ဆုံး တိုးပွားစေမည့် အစီအမံများ ရေးဆွဲချမှတ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ESIA လုပ်ဆောင်ရခြင်း ဖြစ်ကြောင်း ပဏာမ ဆွေးနွေးပါသည်။
ဆက်လက်၍ ဆွေးနွေးရာတွင် ESIA လုပ်ငန်းစဉ်တွင် (၁) အဆိုပြုစီမံကိန်း၏ သဘာဝ ပတ်ဝန်းကျင်နှင့် ဇီဝမျိုးစုံ၊ မျိုးကွဲစနစ်များ၊ လူမှုစီးပွားနှင့် ကျန်းမာရေးတို့ အပေါ် အကျိုး သက်ရောက်နိုင်မှုများကို ဖော်ထုတ်ခြင်း၊ စိစစ် အကဲဖြတ်ခြင်း၊ (၂) မကောင်းသည့် အကျိုးသက်ရောက်မှုများ လျော့နည်းစေရန်နှင့် ကောင်ကျိုးများ တိုးပွားစေရန် နည်းလမ်းဖော်ထုတ်ခြင်း၊ အစီအမံများ ချမှတ်ခြင်း၊ ပတ်ဝန်းကျင် စီမံခန့်ခွဲမှု စောင့်ကြပ် ကြည့်ရှုရမည့် အစီအစဉ်များ ရေးဆွဲသတ်မှတ်ခြင်း၊ (၃) အဆိုပြု စီမံကိန်း၏ အကျိုးသက်ရောက်မှုများကို စီမံကိန်း ဖော်ဆောင်မည့် ဒေသတွင်း အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအဖွဲ့ အစည်းများနှင့် ပြည်သူလူထုအား အသိပေးခြင်း၊ သဘောထား အကြံဉာဏ် ရယူခြင်း လုပ်ငန်းစဉ်များ ပါဝင်ကြောင်း၊ ESIA လုပ်ငန်း အောင်မြင်မှုသည် အဓိကကျကြောင်း၊ (၁) ရင်းနှီးမြုပ်နှံသူ၊ (၂) အုပ်ချုပ်ရေးဆိုင်ရာနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ဒေသခံပြည်သူများ၊ (၃) တတိယ အဖွဲ့အစည်း၊ သုံးဦးသုံးဖလှယ် တက်တက်ကြွကြွ ရှိမှသာ ESIA လုပ်ငန်း အောင်မြင်နိုင်မှာ ဖြစ်ကြောင်း၊ ရင်းနှီးမြုပ်နှံသူ (Developer) ၏ အခန်းကဏ္ဍသည် အဓိက အကျဆုံး ဖြစ်ကြောင်း၊ ရင်းနှီးမြုပ်နှံသူ (Developer) သည် အတ္တ/ပရ ရှိရန်လိုကြောင်း၊ ဒေသပတ်ဝန်းကျင်၊ ဒေသလူထု အတတ်နိုင်ဆုံး မထိခိုက်နိုင်အောင် ဆောင်ရွက်ပေးချင်စိတ် ရှိရန်လိုကြောင်း၊ လုပ်ထုံးလုပ်နည်းများကြောင့် မလွဲသာ၍ ESIA ဆောင်ရွက်ခြင်း မဟုတ်ဘဲ ESIA ၏ လုပ်ငန်း အဆင်ဆင့်တွင် တက်ကြွစွာ ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ESIA မှ စိစစ် အကြံပြုချက်များ အတိုင်း ဒေသနှင့် ပတ်ဝန်းကျင် အကျိုးအတွက် လိုအပ်သည်ကို လိုလိုလားလား ဆောင်ရွက်ပေးရန် လိုကြောင်း တာဝန်ယူမှု၊ တာဝန်သိမှုရှိရန် တို့ဖြစ်ကြောင်း ဆွေးနွေးပါသည်။
အုပ်ချုပ်ရေးဆိုင်ရာနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံ ပြည်သူများ၏ အခန်းကဏ္ဍတွင် ပွင့်လင်းမြင်သာမှု ရှိလာသော ဒီမိုကရေစီခေတ် ဖြစ်၍ စီမံကိန်းလုပ်ငန်းများသည် အစိုးရ၏ ခွင့်ပြုချက်သာမက ပြည်သူ၏ လက်ခံခွင့်ပြုချက် (Social License) လိုအပ်လာကြောင်း၊ အရေးကြီးလာကြောင်း၊ ESIA လုပ်ငန်းတွင် Local Knowledge သည် အရေးကြီးကြောင်း၊ စီမံကိန်း လုပ်ငန်းများတွင် လူထု ပူးပေါင်းပါဝင်မှု (Public Participation) ရှိရန် လိုကြောင်း၊ ကြုံတွေ့လာနိုင်သည့် ပြဿနာများအား အဖြေရှာရာတွင် လူထုကိုယ်တိုင် ပါဝင်ရန် ဖိတ်ခေါ်ဖို့ လိုအပ်ကြောင်း၊ ဆုံးဖြတ်ချက် ချမှတ်ရာတွင် လူထုပါဝင်မှုသည် အရေးကြီးပါကြောင်း၊ ESIA လုပ်ငန်းစဉ်အရ ယခု တွေ့ဆုံပွဲသည် လူထု ပူးပေါင်းပါဝင်နိုင်ရန် ဖိတ်ခေါ်ခြင်း၊ အကြံဉာဏ်၊ သဘောထား မှတ်ချက် တောင်းခံရခြင်း ဖြစ်ကြောင်း၊ တတိယအဖွဲ့အစည်း (Third Party) သည် ဘာသာရပ်ပေါင်းစုံမှ ပညာရှင်များ ပါဝင်ရန် လိုအပ်ပြီး သမာသမတ် ရှိရမှာဖြစ်ကြောင်း၊ ESIA ၏ အကျိုးကျေးဇူးမှာ ESIA ဖြင့် အကောင်အထည်ဖော်သော စီမံကိန်းသည် အရည်အသွေးရှိသော ရေရည်တည်တံ့သော စီမံကိန်းဖြစ်စေသည့် အကျိုးများ ရှိကြောင်း စသဖြင့် အကျယ်တဝင့် ဆွေးနွေး တင်ပြသွားပါသည်။
(၄) ဒေါက်တာကျော်စွာတင့်၊ ဒုပါမောက္ခ (MSDES)မှ ဆွေးနွေးတင်ပြမှု
ဒေါက်တာ ကျော်စွာတင့်မှ ဦးစွာ နှုတ်ခွန်းဆက်စကား ပြောကြားပြီးနောက် ဆွေးနွေးပွဲကို တက်တက်ကြွကြွနဲ့ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးပြီး မိမိတို့ ပြောသမျှကို စိတ်ရှည်ရှည်နှင့် သည်းခံပြီး နားထောင်ပေးသည့် အတွက် ကျေးဇူး တင်ရှိကြောင်း၊ နမ့်ပေါ်ဆည် တည်ဆောက်ခြင်းနှင့် ပတ်သက်၍ ပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင် ဖြစ်နိုင်ခြေရှိသည့် ထိခိုက်မှုများကို အကျဉ်းချုပ်ပြီး တင်ပြပေးသွားမှာ ဖြစ်ကြောင်း၊ အရင်ဆုံး ဖြစ်ပေါ်လာနိုင်တဲ့ ထိခိုက်မှုများကို မတင်ပြမီ ဆည်တစ်ခုရဲ့ တည်ဆောက်ခြင်း လုပ်ငန်းစဉ် အကြောင်းကို ကြွရောက်လာကြတဲ့ လူကြီးမင်းတို့ ပိုမိုသိရှိ နားလည်စေရန် ဆွေးနွေး တင်ပြလိုကြောင်း၊ နမ့်ပေါ်ဆည်သည် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် အဓိက ရည်ရွယ်ပြီး ရေအားကို အသုံးပြု၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှာ ဖြစ်တဲ့အတွက် အရင်ဆုံး စီးဆင်းနေတဲ့ မြစ်ချောင်းကို ပိတ်ပြီး ရေကို သိုလှောင်ထားရှိကာ ရေမှတဆင့် လျှပ်စစ်ဓာတ်အား ထုတ်ယူမှု အဆင့်ဆင့်ကို Projector ဖြင့် ဓာတ်ပုံ မှတ်တမ်းများနှင့် တကွ ရှင်းလင်း တင်ပြပါသည်။
ရေတားနံရံ ဆောက်လုပ်ထားသည့် အထက်ပိုင်းကို ဆည်အထက်ပိုင်း ခေါ်ပြီး ရေတားနံရံအောက် ရေလွဲ လုပ်ထားသည့် အပိုင်းကို ဆည်အောက်ပိုင်း ဖြစ်ကြောင်း၊ ဆည်အထက်ပိုင်း ဒေသတွင် ရေမျက်နှာပြင်မြင့် တက်လာခြင်း ဆိုသည့် ရေအနည်းအများပေါ် မူတည်ပြီး ရေရရှိမှု နည်းသွားခြင်း ပိုမို များပြားလာခြင်း ဆိုသည့် အကျိုးအပြစ်များကို ခံစားရမှာဖြစ်ကြောင်း၊ ဆည်အောက်ပိုင်းတွင် ဆည်မှ ပြန်ထုတ်လိုက်သည့် ရေအနည်းအများပေါ် မူတည်ပြီး ရေရရှိမှု နည်းသွားခြင်း၊ ပိုမို များပြားလာခြင်း ဆိုသည့် အကျိုးအပြစ်များကို ခံစားရမှာ ဖြစ်ကြောင်း၊ သဘာဝ ဘေးအန္တရာယ်ကြောင့် ဆည်ကျိုးပေါက်၊ ပျက်စီးသွားခဲ့လျှင် ဆည်ရေလွှမ်းခြင်း ဆိုသည့် အကျိုးအပြစ်ကို ခံစားရမှာ ဖြစ်ကြောင်း၊ ဆည် အထက်ပိုင်းနှင့် ဆည် အောက်ပိုင်းတို့တွင် တွေ့ကြုံရမည့် ထိခိုက်မှုတွေ ရရှိလာနိုင်တဲ့ ဆိုးကျိုးများကို ယနေ့ အစည်းအဝေးမှာ တင်ပြသွားမှာ ဖြစ်ကြောင်း၊ ယနေ့ တင်ပြသည့် အကြောင်းအရာသည် သေသေချာချာ လက်တွေ့များသို့ ကွင်းဆင်းလေ့လာ တွေ့ရှိချက်များ နည်းပါးပြီး စာအုပ်များ၊ ဗဟုသုတများမှ တစ်ဆင့် လေ့လာ တွေ့ရှိမှုများကို အကြမ်းဖျင်း တင်ပြခြင်းဖြစ်ကြောင်း၊ ယနေ့ တင်ပြသည့် အကြောင်းအရာများသည် တကယ်ဖြစ်ပေါ်မည်ဟု ပြော၍ မရကြောင်း၊ ပိုပြီး ဖြစ်ပေါ်နိုင်သကဲ့သို့ လျော့ပြီးလည်း ဖြစ်ပေါ်နိုင်ကြောင်းကို ကြိုတင် ပြောကြားထားလိုကြောင်း၊ မိမိတို့ အဖွဲ့အနေဖြင့် ယခုထက် ပိုပြီးတိကျသည့် ရလဒ်များ တွေ့ရှိချက်များ ရရှိအောင် ပိုမို လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း၊ တွေ့ရှိထားတဲ့ ထိခိုက်မှုများ လျော့နည်း သက်သာအောင် လုပ်မည့် နည်းလမ်းများကို စောင့်ကြည့် လေ့လာသွားမှာ ဖြစ်ကြောင်း၊ ယနေ့ တင်ပြသည့် ဖြစ်နိုင်ခြေရှိသော ထိခိုက်မှုများကို လူကြီးမင်းများမှ ပိုမို သိရှိပြီးနောက် နမ့်ပေါ်ဆည် ဆောက်လုပ်ခြင်း၏ ကောင်းကျိုးဆိုးကျိုးကို ပိုမိုသိရှိပြီး ပိုမို အကြံပြုလာနိုင်မှာ ဖြစ်ကြောင်း၊ လူကြီးမင်းတို့ အကြံပြုချက်တွေသည် မိမိတို့ မလေ့လာမသိရှိသော အချက်များလည်း ပါရှိမှာ ဖြစ်တဲ့အတွက် မိမိတို့အတွက်လည်း အများကြီး အကျိုးရှိကြောင်း၊ ဖြစ်နိုင်ခြေရှိသော ထိခိုက်မှုများကို အကြမ်းဖျင်း တင်ပြလိုပါကြောင်း ပြောကြားပါသည်။
ဆက်လက်၍ (၁) ဆည်တည်ဆောက်ခြင်းကြောင့် ဖြစ်ပေါ်နိုင်သည့် ပတ်ဝန်းကျင်ထိခိုက်မှုနှင့် (၂) လည်ပတ်ခြင်း လုပ်ငန်းစဉ်များကြောင့် ဖြစ်ပေါ်နိုင်သည့် ထိခိုက်မှုဟူ၍ အပိုင်း ၂-ပိုင်း ခွဲ၍ တင်ပြသွားမည် ဖြစ်ကြောင်း၊ တည်ဆောက်ခြင်း လုပ်ငန်းစဉ်များတွင် လမ်းဖောက်ခြင်း၊ နေရာရှင်းလင်းခြင်းနှင့် မြေညှိခြင်း၊ ယာယီတည်ဆောက်ရေး စခန်းများ တည်ဆောက်ခြင်း၊ ရေကာနံရံများ တည်ဆောက်ခြင်း၊ တည်ဆောက်ရေး စက်ယန္တရားများ သွားလာ/ မောင်းနှင်ခြင်း၊ ကျောက်သား ပြုပြင်ရန် လွန်တူးခြင်းနှင့် မိုင်းခွဲခြင်း၊ ဆည် ရေလွမ်းဧရိယာ အတွင်းရှိ သစ်ပင်များ ခုတ်လှဲခြင်း တို့ကြောင့် ပတ်ဝန်းကျင် ထိခိုက်မှုများ ရှိနိုင်ကြောင်း၊ တည်ဆောက်ရေး လုပ်ငန်းစဉ် များကြောင့် ဖြစ်ပေါ်နိုင်သည့် ထိခိုက်မှုအချို့တွင် စီမံကိန်းပတ်ဝန်းကျင်အနီးလူနေအိမ်များမရှိခြင်း၊ ယဉ်ကျေးမှုအမွေအနှစ်လက်ရာများပျက်စီးခြင်း၊ မြေဆီလွှာတိုက်စားခြင်း၊ အပင်နှင့် တိရိစ္ဆာန်များအပေါ် ထိခိုက်မှုများဖြစ်ပေါ်နိုင်ကြောင်း၊ တည်ဆောက်ခြင်း လုပ်ငန်းစဉ်သည် လပေါင်း ၃၀-နီးပါးရှိ၍ (ကာလတို) အတွင်း မိုင်းခွဲခြင်းကြောင့် အသံတုန်ခါမှု၊ ယန္တရားများ မောင်းနှင့်မှုကြောင့် ဖုန်ထခြင်း၊ အမှိုက်သရိုက်များကြောင့် ဆည်အောက်ဘက် ရေအရည်အသွေး ပြောင်းလဲခြင်း၊ ရေနေ သတ္တဝါများအပေါ် ထိခိုက်မှု၊ မြစ်အတွင်းရှိ ငါးများ မွေးဖွား၊ သွားလာမှုအပေါ် ထိခိုက်နိုင်ခြင်း၊ ပြင်ပလူစိမ်းများ ဝင်ရောက်မှုတို့ ဖြစ်ပေါ်နိုင်ပြီး မြစ်အောက်ပိုင်းတွင် ချောင်းမှရေကို သောက်ရေ သုံးရေ အသုံးမပြုခြင်းကြောင့် ကျန်းမာရေး ထိခိုက်နိုင်မှုမှာ ဖြစ်နိုင်ခြေ နည်းပါးသည်ကို တွေ့ရှိရကြောင်း ဆွေးနွေးတင်ပြပါသည်။
ဆည်တည်ဆောက်ခြင်း လုပ်ငန်းစဉ်များကြောင့် ရရှိနိုင်သည့် အကျိုးကျေးဇူး အချို့တွင် တည်ဆောက်ခြင်း ဆိုင်ရာ ကျွမ်းကျင်မှု ရရှိနိုင်ခြင်း၊ အလုပ်အကိုင် အခွင့်အလမ်း ရရှိနိုင်ခြင်း၊ အိမ်ထောင်စု ဝင်ငွေ တိုးတက်နိုင်ခြင်း၊ ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်နိုင်ခြင်း၊ လူထု အကျိုးပြု လုပ်ငန်းများ ဖြစ်ပေါ်နိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း၊ လည်ပတ်ခြင်း လုပ်ငန်းစဉ်များတွင် ရေများ သိုလှောင်ထားရှိခြင်း၊ လျှပ်စစ် ဓာတ်အား ထုတ်လုပ်ခြင်း၊ ပြုပြင် ထိန်းသိမ်းရေး လုပ်ငန်းများ ပါဝင်ကြောင်း၊ လည်ပတ်ခြင်း လုပ်ငန်းစဉ်များကြောင့် ဖြစ်ပေါ်နိုင်သည့် ထိခိုက်မှု အချို့တွင် လည်ပတ်ခြင်းလုပ်ငန်းမှာ နှစ် ၃၀/ ၅၀ ခန့် ကြာနိုင်သဖြင့် (ကာလရှည်) အတွင်း ထိခိုက်မှု အချို့တွင် မြစ်အတွင်းရှိ ငါးများ မွေးဖွား/ သွားလာမှုအပေါ် ထိခိုက်နိုင်ခြင်း၊ ဆည်အတွင်းရှိ အနယ်အနှစ်များနှင့် အမှိုက်သရိုက်များ (ခြင်ပေါက်ဖွားမှု) ရေနေသတ္တဝါ မျိုးစိတ်သစ်များ ပေါက်ဖွားခြင်း၊ ဆည် တာတမံ ကြံ့ခိုင်မှု၊ လူစိမ်းများ ဝင်ရောက် နေထိုင်မှုများတို့ ဖြစ်ပေါ်နိုင်ကြောင်း၊ လည်ပတ်ခြင်း လုပ်ငန်းစဉ်များကြောင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများတွင် နမ့်ပေါ်ဆည် တည်ဆောက်ခြင်း၏ အဓိကရည်ရွယ်ချက်မှာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှာ ဖြစ်ခြင်းကြောင့် လျှပ်စစ်ဓါတ်အားရရှိခြင်းမှာ သေချာကြောင်း၊ ဆည်အောက်ပိုင်းတွင် ရေစီးဆင်းမှုအနည်းအများပေါ်မူတည်ပြီး အကျိုးအပြစ်ရှိနိုင်ကြောင်း၊ နမ့်ပေါ်ချောင်းအောက်ပိုင်းတွင် လယ်လုပ်ကိုင်ကြသဖြင့် ရေစီးဆင်းမှုများက အကျိုးရှိသည်ကို သိရကြောင်း၊ အလုပ်အကိုင် အခွင့်အလမ်း၊ လူထုအကျိုးပြု လုပ်ငန်းများ၊ ဆက်စပ်စီးပွားရေး လုပ်ငန်းများ တိုးတက်ခြင်း၊ အပန်းဖြေ နေရာများ ရှိလာခြင်း၊ အရေးပေါ် လိုအပ်လာပါက ဖြစ်တစ်ဖက်ကမ်းသို့ ကူးရန် မြစ်ကူးနေရာများ ရှိလာနိုင်မှာ ဖြစ်ကြောင်း၊ နမ့်ပေါ်ဆည်သည် မူဆယ်မြို့၏ အထင်ကရ အထိမ်းအမှတ်တစ်ခု အဖြစ် တည်ရှိလာနိုင်မှာ ဖြစ်ကြောင်း အကျယ်တစ်ဝင့် ရှင်းလင်း တင်ပြ ဆွေးနွေးသွားပါသည်။
စီမံကိန်းတိုင်းသည် ကောင်းကျိုး ရှိသလို ဆိုးကျိုးများလည်း ရှိကြောင်း၊ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် စီမံကိန်းလုပ်ငန်းသည် ရှိကိုရှိရမည် ဖြစ်ကြောင်း၊ ပြည်သူလူထု၊ ဒေသ အာဏာပိုင် အဖွဲ့အစည်းတို့၏ လုပ်ဆောင်ရမည့် တာဝန်သည် စီမံကိန်းကို တားဆီးရန် မဟုတ် စီမံကိန်းကြောင့် ဖြစ်ပေါ်နိုင်သည့် ဆိုးကျိုးကို လျော့ဖို့ တွန်းအားပေးရန် ဖြစ်ကြောင်း၊ ယနေ့ ဆောက်လုပ်မည့် နမ့်ပေါ်ဆည်သည် မိမိ တင်ပြသွားသည့် အချက်များကို ကြည့်ပြီး ကောင်းကျိုး၊ ဆိုးကျိုးတွေကို သိရှိပြီး ဆည်တည်ဆောက်မည့် လုပ်ငန်းရှင်သည် ဆိုးကျိုးများကို လျော့ချရဲ့လား၊ ကောင်းကျိုးတွေကို မြှင့်တင်ရဲ့လား ဆိုတာကို ဒေသခံတွေ အနေနဲ့ ဝိုင်းဝန်းအကြံပေး ဝိုင်းဝန်း ထိန်းကျောင်းသွားမည်ဆိုပါက ပြည်သူများ လက်ခံသော၊ သဘောကျ နှစ်ခြိုက်သော၊ ပြည်သူနှင့် သဟဇာတဖြစ်သော ဆည်ဆောက်ခြင်း လုပ်ငန်းစဉ်ကြီး တစ်ခု ဖြစ်ပေါ်လာမည်ဟု ယုံကြည်ရင်းဖြင့် နိဂုံး ချုပ်လိုပါကြောင်း ဆွေးနွေး ပြောကြားသွားပါသည်။
(၅) စိုင်းအုန်းမြင့် (အုပ်ချုပ်မှုဒါရိုက်တာ၊ ဂရိတ်ဟော်ခမ်း အများပိုင်ကုမ္ပဏီလီမိတက်)မှ ဆွေးနွေးတင်ပြမှု
ဂရိတ်ဟော်ခမ်း အများပိုင်ကုမ္ပဏီလီမိတက်၊ အုပ်ချုပ်မှုဒါရိုက်တာ စိုင်းအုန်းမြင့်မှ ဆည်တာတမံ ဘေးအန္တရာယ် ကင်းရှင်းရေး အစီအမံနှင့် ပတ်သက်၍ တချို့တဝက်ကို စောစောက တင်ပြခဲ့ပြီးဖြစ်ကြောင်း ဒီဇိုင်းအရ ဖြစ်ပေါ်နိုင်သည့် အနေအထား အကျဉ်းအား တင်ပြထားခြင်း ဖြစ်ကြောင်း တမံဘေးအန္တရာယ် ကင်းရှင်းရေး အစီအမံနှင့် ပတ်သက်၍ ငလျင်ဒဏ် ခံနိုင်သည့် ဒီဇိုင်းကို လုံးဝသေချာစွာ ပြုလုပ်ထားကြောင်း ရေပိုလွဲစနစ်ကို နောင်လာမည့် နှစ်-၅ဝဝ ၏ ရေထုထည် ပမာဏကို ဒီဇိုင်းလုပ်ထားကြောင်း၊ ဦးအောင်နန္ဒမှ ဆွေးနွေးတင်ပြသွားသည့် သစ်လုံး (မျှောပါ)များ မည်သို့ ဖြေရှင်းမလဲ ဆိုသည့် နည်းစနစ်များလည်း ပါဝင်ကြောင်း၊ မြစ်ချောင်းအတွင်း ဝင်လာမည့် ရေဖမ်းဧရိယာထဲတွင် မိုးရေချိန် တိုင်းကိရိယာ (ရင်းဂစ်) အား တီးမတွင်တစ်ခု၊ ကြူကုတ်တွင် တစ်ခု တပ်ဆင်သွားမည် ဖြစ်ကြောင်း၊ မိုးရွာသွန်းမှု အခြေအနေအား ကြိုတင် သိနိုင်သည့် ကိရိယာဖြစ်၍ နည်းပညာ တိုးတက်လာသည့် အနေအထား ဖြစ်ကြောင်း ဆွေးနွေး ပြောကြားသွားပါသည်။
ဆက်လက်၍ ဆွေးနွေးရာတွင် တမံဘေးအန္တရာယ် ကင်းရှင်းရေးသည် အဓိက ကျပါကြောင်း တမံဧရိယာအတွင်း လုံခြုံရေး ထားရှိမှာ ဖြစ်ကြောင်း၊ လုံခြုံရေး ဆိုသည်မှာ ဝန်ထမ်း လုံခြုံရေးဖြစ်ကြောင်း၊ တမံဧရိယာ အတွင်းသို့ ဝင်မည်ဆိုလျှင် ကန့်သတ်မှုများ ရှိကြောင်း မည်သူမည်ဝါ၊ မည်သည့် အကြောင်းအရာကိစ္စ ဆိုသည်ကို မှတ်ပုံတင်ရမှာ ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ရခြင်းသည် တမံဘေးအန္တရာယ် ကင်းရှင်းရေးအတွက် ဖြစ်ကြောင်း၊ ဆည် ရေလွှမ်းဧရိယာ အစီအမံတွင် မိမိတို့ ဒေသတွင် ရရှိနိုင်သည့် သဘာဝ အရင်းအမြစ် ရေသယံဇာတကို မိမိတို့ တိုင်းရင်းသား ညီအစ်ကို မောင်နှမများမှ ပူးပေါင်း၍ မဖော်ထုတ် အသုံးမချနိုင်လျှင် မိမိတို့၏ အားနည်းချက် ရှိသည်ဟု ပြောချင်ကြောင်း၊ အခြားသူတစ်ပါးမှ လာရောက် လုပ်ကိုင်သွားရင် ကျွန်တော်တို့ တိုင်းရင်းသား ညီအစ်ကို မောင်နှမများ စိတ်ထဲ ဘယ်လိုခံစားရမလဲ၊ ပူပေါင်းသင့်သလား၊ မပူးပေါင်းသင့်ဘူးလား၊ ကျွန်တော် ဒီလိုလုပ်ငန်းမျိုး လုပ်ဆောင်နိုင်အောင် ဦးဆောင်နိုင်အောင် ရင်းနှီးမြှုပ်နှံခဲ့ရသည့် အချိန်မှာ နှစ်ပေါင်း ၁၅-နှစ်ခန့် ရှိကြောင်း၊ နိုင်ငံခြားသားများနှင့် အကြိမ်ကြိမ် အမျိုးမျိုး ပူးတွဲလုပ်ဆောင်ခဲ့ကာ နားလည်သိရှိပြီး လက်တွေ့ကျကျ ပြည်သူလူထုနှင့် ပူးပေါင်းကာ အများပိုင် ကုမ္ပဏီကို အကောင်အထည် ဖော်ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊ ကျွန်တော်တို့ ဒေသကို တိုင်းရင်းသား ညီအစ်ကို မောင်နှမများ ချစ်သလို ကျွန်တော်လည်း ချစ်ပါကြောင်း၊ ပျက်စီးအောင် ဆုံးရှုံးအောင် နစ်နာအောင် လုပ်မည် မဟုတ်ကြောင်း၊ ဆည် ရေလွှမ်းဧရိယာ အတွင်း စီမံကိန်းကြောင့် ထိခိုက် နစ်နာမှုများ ရှိကြောင်း၊ ယခုလို ဒေသခံ ပြည်သူများ ထိခိုက်နစ်နာမှု မရှိအောင် မည်သို့ စီစဉ် ဆောင်ရွက်မည်ကို အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနသို့ တင်ပြခဲ့ပြီး ပြေလည်အောင် ညှိနှိုင်း ဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်း၊ ယခုကဲ့သို့ ထိခိုက်မှုအား မည်သူတစ်ဦးတစ်ယောက်ကိုမှ ရည်ရွယ်၍ လုပ်ခြင်းမဟုတ်သည်ကို နားလည်ပေးရန် မေတ္တာရပ်ခံလိုကြောင်း ပြောကြားပါသည်။
လူမှုဝန်းကျင်ဆိုင်ရာ ပူးပေါင်း တာဝန်ယူမှု (CSR) နှင့် ပတ်သက်သော ရှေ့လုပ်ငန်းစဉ်တွင် ဒီကုမ္ပဏီ စတင် ထူထောင်စဉ် ကတည်းက မူဝါဒ ရှိခဲ့ကြောင်း၊ ပညာရေးကဏ္ဍကို အဓိကထား လုပ်ဆောင်မှာ ဖြစ်ကြောင်း၊ ကုမ္ပဏီမှ နှစ်စဉ် ပညာရေးကဏ္ဍတွင် လိုအပ်မည့် ကျေးရွာများသို့ အရောက် ကျောင်းသုံး စာရေးကိရိယာများ သွားရောက် လှူဒါန်းခဲ့ကြောင်း၊ စီမံကိန်းကြီး ပြီးမြောက်သွားပါက နိုင်ငံတော်သို့ ဝင်ငွေခွန် ၂% ပေးသွင်းခြင်း၊ ကုန်သွယ်ခွန် ၃.၅% ပေးသွင်းခြင်း၊ လုပ်ငန်း လည်ပတ်မှု ကုန်ကျစရိတ်များ ရှိကြောင်း၊ ထိုအကြောင်းကိစ္စများ ပြီးပါက အကျိုးအမြတ် ဘယ်လောက်ရရှိ၍ ရရှိသည့်အကျိုးအမြတ်အပေါ် ရာခိုင်နှုန်းမည်မျှကို ပြည်သူ့အကျိုးပြု လုပ်ငန်းတွင် ဘယ်လောက် သုံးမည်ဆိုသည်ကို လာမည့် ဒုတိယအကြိမ် အစည်းအဝေးတွင် ပြတ်ပြတ်သားသား တင်ပြသွားမည် ဖြစ်ကြောင်း၊ စီမံကိန်းနှင့် ဆက်စပ်နေသည့် ကျေးရွာအားလုံးကို မျှဝေ၍ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများတွင် သုံးစွဲသွားမည် ဖြစ်ကြောင်း၊ ဒီနေ့ ဒီအချိန်မှာ ဘယ်လောက် သုံးစွဲမယ်ဆိုတာကို မတင်ပြနိုင်တာ စိတ်မကောင်းပါ၊ ဘာအတွက်ကြောင့် ဆိုသော် HHPDI ရေအားလျှပ်စစ်ဌာနမှ ဒီဇိုင်းကို အတည် မပြုရသေးခြင်းကောင့် ကုန်ကျစရိတ်မတူလျှင် အရင်းကြေ ကာလမှာလည်း မတူနိုင်ကြောင်း၊ အရင်းကြေကာလ မတူရင် အကျိုးအမြတ် မတူနိုင်သဖြင့် ကွဲပြားမှုများ ရှိနေ၍ မတင်ပြနိုင်ခြင်း ဖြစ်ကြောင်း၊ ပြည်သူ့အကျိုးပြု လုပ်ငန်း ဘာတွေလုပ်ဆောင်မလဲဆိုရင် အခြေခံ အဆောက်အအုံ မရှိရင် ဘယ်ဒေသ၊ ဘယ်တိုင်းပြည်မဆို တိုးတက်ရန် အခွင့်အလမ်း နည်းကြောင်း၊ ထို့ကြောင့် အခြေခံ အဆောက်အအုံကို ပထမ ဦးစားပေးအဖြစ် ရည်ရွယ်ကြောင်း၊ ဒုတိယအနေဖြင့် ပညာရေး၊ တတိယအနေဖြင့် ကျန်းမာရေး ကဏ္ဍများကို CSR ရဲ့ အချိုးအစားကို ခွဲဝေ၍ ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့နှင့် (MOA) ရေးထိုးပြီး အရင်းကြေကာလပြီးလျှင် နိုင်ငံတော်နှင့် အကျိုးအမြတ်ခွဲဝေ၍ တွက်ချက်မှုများ ဆောင်ရွက်ပြီးပါက ရှယ်ယာ (Share) များ ဖိတ်ခေါ်မည် ဖြစ်ကြောင်း၊ တိုင်းရင်းသား ညီအစ်ကို မောင်နှမများ လာရောက်ပူးပေါင်းရန် ဖိတ်ခေါ်ပါကြောင်း နိဂုံးချုပ်စကား ပြောကြားသွားပါသည်။
၄။ အထွေထွေကဏ္ဍ (အမေးအဖြေကဏ္ဍ)
  • မေး ။       ။ ဦးထောင်းဂန်၊ ရွာသူကြီး၊ နမ့်ပတီးကျေးရွာ
  • (၁) ချောင်းအောက်ပိုင်း၊ စီမံကိန်း ဧရိယာအတွင်း ကျရောက်နေသော နမ့်ပတီးကျေးရွာရှိ လယ်ယာ၊ သစ်တော များအား ကုမ္ပဏီအနေဖြင့် တာဝန်ယူမှုနစ်နာကြေးပေးမှု ရှိမရှိမေးမြန်းလိုပါသည်။
  • (၂) ချောင်းအောက်ပိုင်းတွင် လုပ်ကိုင် စားသောက်သည့် နေရာတွင် စီမံကိန်းကြီး ပြီးသွားပါက လုပ်ကိုင် စားသောက်ခွင့် ရှိမရှိနှင့် စီမံကိန်းနေရာအား တားဆီးပိတ်ပင်မှု ရှိမရှိ သိလိုပါသည်။

  • ဖြေ ။       ။ စိုင်းအုန်းမြင့် (အုပ်ချုပ်မှုဒါရိုက်တာ၊ GHK Public Co., Ltd)
  • (၁) နမ့်ပတီးကျေးရွာသည် ရေလွှမ်းဧရိယာတွင် ကျရောက်ခြင်း ရှိမရှိပေါ်မူတည်၍ ရလဒ်ရှာရန်လိုကြောင်း၊ ကွင်းဆင်းတိုင်းတာစစ်ဆေးပြီး ထိခိုက်မှုရှိသည်ဆိုပါက ပြန်လည် ဆွေးနွေးရန် လိုကြောင်း တင်ပြအပ်ပါသည်။
  • (၂) တမံလုံခြုံရေးအရ လက်ရှိ စိုက်ပျိုးမြေနေရာကို လုံခြုံရေး အကြောင်းပြချက်ဖြင့် နောင်လုပ်ခွင့် ရှိမရှိ ကိစ္စနှင့် ပတ်သက်၍ တမံလုံခြုံရေးသည် တမံဝန်းကျင်ရှိ ၁၇၉ ဧက အတွင်းသာ ကန့်သတ်ထားကြောင်း Register လုပ်ပြီး ဝင်ရောက် သွားလာနိုင်ကြောင်း တင်ပြအပ်ပါသည်။

  • မေး ။       ။ ဦးခမ်းလှိုင်ချစ်၊ ရွာသူကြီး၊ ဝိန်းနန်းကျေးရွာ
  • (၁) ကျေးရွာတွင် အခက်အခဲဖြစ်နေသည့် လမ်းပန်းဆက်သွယ်ရေးနှင့် ရေရရှိရေးကို အကူအညီ တောင်းခံ လိုပါသည်။
  • (၂) ရေဆိုသည်မှာ သောက်သုံးရေနှင့် လယ်ရေရရှိရေးကို တောင်းဆိုခြင်းဖြစ်ပါသည်။

  • ဖြေ ။       ။ စိုင်းအုန်းမြင့် (အုပ်ချုပ်မှုဒါရိုက်၊ GHK Public Co., Ltd)
  • (၁) ဦးခမ်းလှိုင် အကူအညီ တောင်းခံသည့် လမ်းပန်းဆက်သွယ်ရေး ကိစ္စနှင့် ပတ်သက်၍ CSR လုပ်ငန်းတွင် ပါဝင်ကြောင်း၊ မည်သို့ပင် ရှိစေကာမှု ကုမ္ပဏီမှ တာဝန်ရှိသူများမှ ကွင်းဆင်း တိုင်းတာ ကြည့်ပြီးလျှင် အနေအထား ကြီးမားမှုမရှိဟု တွေ့ရှိပါက လုပ်ပေးမည်ဖြစ်ကြောင်း၊ ကြီးမားသည်ဆိုပါက စီမံကိန်းပြီးသည့် နောက်တွင် လုပ်ပေးမည်ဖြစ်ကြောင်း တင်ပြပါသည်။
  • (၂) သောက်သုံးရေနှင့် လယ်ရေ ရရှိရေးအတွက် ကုမ္ပဏီမှ Survey အဖွဲ့ ကွင်းဆင်းတိုင်းတာပြီးပါက ဒုတိယ အကြိမ် ဆွေးနွေးပွဲတွင် ပြန်လည် တင်ပြပေးမည်ဖြစ်ကြောင်း တင်ပြပါသည်။

  • မေး ။       ။ စိုင်းစံအေး၊ အုပ်ချုပ်ရေးမှူး၊ တိန်းလုံကျေးရွာ
  • ပန်ခမ်း၊ တိန်းလုံ ကျေးရွာတွင် လယ်ဧက ၁,၀၀၀-ကျော် ရှိကြောင်း၊ လယ်ရရှိရေးကိစ္စ ဆောင်ရွက်ပေးနိုင်ခြင်း ရှိမရှိနှင့် ကုမ္ပဏီအနေဖြင့် နည်းပညာပိုင်းတွင် မည်သို့ ပံ့ပိုးပေးနိုင်မလဲ၊ ဆောင်ရွက်ပေးခြင်းအတွက် လယ်ပိုင်ရှင်မှ ပြန်လည် ပေးဆောင်ရခြင်းမျိုးကဲ့သို့ နှစ်ဦးနှစ်ဖက် အကျိုးရှိအောင် ညှိနှိုင်းဆောင်ရွက်ပေး နိုင်ခြင်း ရှိမရှိ သိလိုပါသည်။

  • ဖြေ ။       ။ စိုင်းအုန်းမြင့် (အုပ်ချုပ်မှုဒါရိုက်တာ၊ GHK Public Co., Ltd)
  • (၁) လယ်များ တိုင်းတာမည့် ဧရိယာသည် ဝိန်းနန်းတစ်ခုတည်း မဟုတ်ဘဲ ပန်ခမ်းအစရှိသော ဆက်စပ်ဒေသ အားလုံးကို အကုန်တိုင်းတာပေးမည်။
  • (၂) တောင်ဖက်အပိုင်း ကျသည့်နေရာတွင် စီမံကိန်း (တမံ) နေရာထက် မြင့်သည့် နေရာများ ရှိကြောင်း မည်သို့ပင်ဆိုစေကာမူ တိုင်းတာပေးမည်ဖြစ်ပါသည်။
  • (၃) ယခင်နှစ် မိုးတွင်းကာလတွင် စပါးပင်များ ရှိနေသဖြင့် တိုင်းတာရန် ခက်ခဲသဖြင့် ယခု ပြန်တိုင်းတားပေးမည် ဖြစ်ပါသည်။
  • (၄) ရေပေးဝေရေး စနစ်ကို အကောင်အထည် ဖော်နိုင်မည်ဆိုပါက အချိုးကျ ပါဝင်ပေးမည်ဖြစ်ပါသည်။

  • မေး ။       ။ စိုင်းအိုက်ပန်၊ ရွာသူကြီး၊ ဟိုပေါ့ကျေးရွာ
  • ရွာလမ်းကိုဆောင်ရွက်ပေးနိုင်ရန် အကူအညီတောင်းခံလိုပါသည်။

  • ဖြေ ။       ။ စိုင်းအုန်းမြင့် (အုပ်ချုပ်မှုဒါရိုက်တာ၊ GHK Public Co., Ltd)
  • လမ်း (Survey) တိုင်းသည့်အခါ လမ်း(Alignment)ကို ကြည့်၍ ဆောင်ရွက်ပေးနိုင်မည့် အနေအထားဖြစ်ပါက ဆောင်ရွက်ပေးပါမည်။

  • မေး ။       ။ ဦးအောင်နန္ဒ (အုပ်ချုပ်မှုဒါရိုက်တာ၊ MSDES Co., Ltd)
  • ဝိန်းနန်း၊ ဟိုပေါ့ဒေသ အကြောင်းနှင့် သိလိုသည်များ မေးမြန်းလိုကြောင်း၊ ဤဒေသအကြောင်းအား စာများဖတ်၍ လေ့လာသော်လည်း ဤဒေသအကြောင်းကို ရပ်မိရပ်ဖများကသာ အသိဆုံးဖြစ်ကြောင်း၊ ၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ရေကြီးခဲ့စဉ် အခါက တင်ကျန်ခဲ့သည့် မျှောပါသစ်ပင်၊ သစ်လုံး အမျိုးအစားအား သိလိုကြောင်း? သဘာဝအတိုင်း အမြစ်ပါပြီး မျှောလာသည့် ပုံစံမျိုးလား ဆိုသည်ကိုသိလိုပါသည်။

  • ဖြေ ။       ။ ဒေသခံပြည်သူလူထု
  • ၂၀၁၄ ခုနှစ်၊ ဇူလိုင်လရေကြီးစဉ်အခါက ချောင်းအတွင်းမျှောပါလာသည်မှာ အမျိုးအစားစုံစွာ ပါရှိကြောင်း၊ အကိုင်း၊ အခက်၊ အပင်၊ အမြစ်များပါသကဲ့သို့ ဖြတ်ထားသည့် အပိုင်းအစများလည်း ပါဝင်ကြောင်း၊ အရေအတွက်တော်တော်များသဖြင့် ချောင်းပိတ်သွားသည့်အနေအထားထိဖြစ်ပြီး ချောင်းတစ်ဖက်ကမ်းမှ တစ်ဖက်ကမ်းသို့ပင် ဖြတ်သွားလို့ရကြောင်း ပြန်လည်ဖြေကြားပါသည်။

  • မေး ။       ။ ဦးအောင်နန္ဒ (အုပ်ချုပ်မှုဒါရိုက်တာ၊ MSDES Co., Ltd)
  • ရွာရှိ အသက်အကြီးဆုံး အဖိုးအဖွားများအား မေးမြန်းလိုကြောင်း၊ ၂၀၁၄ ခုနှစ်၊ ဇူလိုင်လတွင် ရေကြီးသည့် ဖြစ်စဉ်မျိုး ဘယ်နှစ်ခါ ကြုံဖူးသနည်း? ဘိုးဘွားများ ပြောဖူးသည့် စကားများ ကြားဖူး ပါသလား? မေးလိုပါသည်။

  • ဖြေ ။       ။ အသက် ၅၃-နှစ်ရှိ အဖွားတစ်ဦး
  • ယခုကဲ့သို့ ကြောက်မက်ဖွယ် ကောင်းလောက်အောင် ဖြစ်စဉ်မျိုးကို သက်တမ်းတွင် တစ်ခါမှ မကြုံဖူးကြောင်း၊ အဖေ၊ အမေ၊ ဘိုး၊ ဘွားများလည်း ထိုသို့ ကြုံဖူးသည်ဟု မပြောခဲ့ကြောင်း ပြန်လည် ဖြေကြားပါသည်။

  • မေး ။       ။ ဦးအောင်နန္ဒ (အုပ်ချုပ်မှုဒါရိုက်တာ၊ MSDES Co., Ltd)
  • ရွာပတ်ဝန်းကျင်တွင် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် ရှမ်းစော်ဘွားနှင့် ဆက်စပ်သည့် နေရာ ရှိမရှိ မေးမြန်းလိုပါသည်။

  • ဖြေ ။       ။ ဒေသခံပြည်သူလူထု
  • ဝိန်းနန်းကျေးရွာတွင် စဝ်နန်းအီ သခင်မ အထိမ်းအမှတ် နေရာသည် လွန်ခဲ့သော နှစ်ပေါင်း ၇၀၀-ခန့်က အမွေအနှစ် ရှိခဲ့ပါသည်။ ရွှေသမင်ကျောင်း ဆရာတော်ထံ တင်ပြပြီး ကျောင်းဆောင် ဆောက်လုပ်ရန် စီစဉ်ထားကြောင်း ဖြေကြားပါသည်။

၅။ ဆုံးဖြတ်ချက်
ဆုံးဖြတ်ချက်
မူဆယ်မြို့၊ ဂရိတ်ဟော်ခမ်း အများပိုင် ကုမ္ပဏီ လီမိတက်မှ အကောင်အထည်ဖော် ဆောင်ရွက်မည့် နမ့်ပေါ် ရေအားလျှပ် စစ်စီမံကိန်း၊ ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ် လေ့လာခြင်း၏ လုပ်ငန်းစဉ်အတွက် ပထမအကြိမ် အဓိက သက်ဆိုင်သူများ/ ကိုယ်စားလှယ်များ အစည်းအဝေးသို့ တက်ရောက် လာကြသော ဒေသခံ ပြည်သူများ အနေဖြင့် စီမံကိန်း၏ လုပ်ငန်းစဉ်တွင် ပူးပေါင်း ပါဝင်၍ ဆွေးနွေး အကြံပြုချက် သဘောထားများ ရေးသားပေးကြမည် ဖြစ်ကြောင်း ဆုံးဖြတ်ကြပါသည်။
ဆောင်ရွက်ချက်
အစည်းအဝေးတက်ရောက် လာကြသော ရပ်မိ ရပ်ဖ များနှင့် ဒေသခံပြည်သူများ