လုပ်ငန်းဆောင်ရွက်မှု ကျင့်ဝတ်

This article is created or updated on January 9, 2018

ခြုံငုံမိသော အကြောင်းအရာများ

ဤလုပ်ငန်းဆောင်ရွက်မှု ကျင့်ဝတ်သည် အောက်ဖော်ပြပါ အကြောင်းအရာများကို ခြုံငုံမိပါသည်။

ကွဲပြားခြားနားမှု၊ ယဉ်ကျေးမှုနှင့် အခြေခံ လူ့အခွင့်အရေး

အချင်းချင်း လေးစားမှု၊ အလေးထားမှု နှင့် ဂုဏ်သိက္ခာ စောင့်သိမှု စသည့် အချက်များသည် လူသားတိုင်း ရှိသင့် ရှိထိုက်သည့် အခြေခံ အခွင့်အရေးများ ဖြစ်သည်။ ဂရိတ်ဟော်ခမ်းသည် အခြေခံ လူ့အခွင့်အရေး၊ ဝန်ထမ်းများ အကြား လူမျိုး၊ ယုံကြည်မှု၊ ယဉ်ကျေးမှု၊ ဘာသာရေး နှင့် အခြား ကွဲပြား ခြားနားမှု များကို အလေးထား အသိအမှတ် ပြုခြင်းများ အပေါ် အခြေခံပြီး စီးပွားရေး လုပ်ငန်းများကို ဆောင်ရွက်မှ သာလျှင် ရေရှည် တည်တံ့သော အောင်မြင်မှုကို ရယူ နိုင်မည်ဟု ယုံကြည်ပါသည်။

ဂရိတ်ဟော်ခမ်း၏ ဝန်ထမ်းများသည် အချင်းချင်း လေးစားမှု၊ ဂုဏ်သိက္ခာ စောင့်သိမှုများကို အလေး ထားရမည် ဖြစ်ပြီး မည်သည့် နည်းနှင့်မျှ အခြေခံ လူ့အခွင့်အရေး များကို ချိုးဖောက်ခြင်းများ မရှိစေရပါ။ ဝန်ထမ်းတိုင်းသည် အခြား ဝန်ထမ်းများ၏ ကျင့်ဝတ် ဖောက်ဖျက်မှုကို မြင်ရ ကြားရ ခံစားရလျှင် မိမိ၏ အထက် လူကြီးများသို့ ချင်းချင်း အသိပေး အကြောင်းကြားရမည်။

လုပ်ငန်းခွင်

ဂရိတ်ဟော်ခမ်းသည် ကောင်းမွန် သပ်ရပ်ပြီး ဝန်ထမ်းတိုင်း အချင်းချင်း ပူးပေါင်း ဆောင်ရွက်လိုမှုကို တွန်းအားပေးသော၊ မြန်မာ နိုင်ငံ၏ တည်ဆဲ ဥပဒေများကို လေးစား လိုက်နာသော လုပ်ငန်းခွင် မျိုးကို တန်ဖိုးထားသည်။ သက်ဆိုင်ရာ လုပ်ငန်း ခေါင်းဆောင်များသည် ကောင်းမွန်သော လုပ်ငန်းခွင် ဖြစ်အောင် စံပြအဖြစ် နေထိုင် ပြုမူ ဆောင်ရွက်ရမည်။ အရောင် အဆင်း၊ လူမျိုး၊ အသက် အရွယ်၊ ဘာသာ စကား၊ ဘာသာ တရား၊ အမြင် နှင့် အယူအဆ၊ နေရာဒေသ၊ ဆင်းရဲ ချမ်းသာမှု စသည့် အချက်အလက် များပေါ် မူတည်ပြီး ခွဲခြားဆက်ဆံခြင်း၊ မျက်နှာသာ ပေးခြင်းများကို သည်းခံ ခွင့်လွတ်မည် မဟုတ်ပါ။ လုပ်ငန်းခွင်တွင် ဝန်ထမ်းများ အားလုံး တရား မျှတမှု ရှိအောင် အကောင်းဆုံး ဆောင်ရွက်မည် ဖြစ်သည်။ ဝန်ထမ်းတိုင်းသည် အခြား ဝန်ထမ်းများ၏ ကျင့်ဝတ် ဖောက်ဖျက်မှုကို မြင်ရ ကြားရ ခံစားရလျှင် မိမိ၏ အထက် လူကြီးများသို့ ချင်းချင်း အသိပေး အကြောင်းကြားရမည်။

ဝန်ထမ်းများ၏ ကျန်းမာရေးနှင့် လုံခြုံ ဘေးကင်းရေး

ဂရိတ်ဟော်ခမ်းသည် ဝန်ထမ်းများ၏ ကျန်းမာရေးနှင့် ပတ်သက်ပြီး ပြည်တွင်း ပြည်ပရှိ လုပ်ငန်း ဆောင်ရွက်မှု စံချိန် စံညွှန်းများ အတိုင်း လေးစား လိုက်နာမည် ဖြစ်သည်။ ဝန်ထမ်းတိုင်းတွင် လုပ်ငန်းနှင့် ဘဝနေထိုင်မှု နှစ်ခုအကြား ချိန်ခွင်လျှာ မျှတမှု ရှိစေရန် အစဉ် အလေးထားပြီး ဆောင်ရွက်ပါသည်။ ထို့ပြင် လူမှု ဖူလုံရေး အာမခံလည်း ဝန်ထမ်းတိုင်း အတွက် ထားရှိပေးပါသည်။

လုပ်ငန်း ဆောင်ရွက်ချက် တိုင်းတွင် အန္တရာယ် ကင်းရှင်း စေရန် အန္တရာယ် ဖြစ်နိုင်ခြေကို ကြိုတင် သုံးသပ် အကဲဖြတ်ခြင်း၊ ဖြစ်လာနိုင်မည့် အန္တရာယ်ကို ကြိုတင် ကာကွယ်မှု ပြုခြင်း၊ မတော်တဆ ဖြစ်မှု မရှိစေရန် စောင့်မတ် ကြီးကြပ်ခြင်း၊ လုပ်ငန်းခွင် အတွင်း ဖြစ်ပွား တတ်သည့် ရောဂါများ နှင့် ကူးစက် ရောဂါ များကို ကြိုတင် ကာကွယ်ခြင်း၊ တစ်နှစ် တစ်ကြိမ် ပုံမှန် ဆေးစစ် ပေးခြင်း စသည်များကို အလေးထားပြီး ဆောင်ရွက်လျက် ရှိသည်။

သဘာဝပတ်ဝန်းကျင်

တာဝန်သိသော မြန်မာ နိုင်ငံသားများပိုင် ကုမ္ပဏီ တစ်ခု အနေဖြင့် ဂရိတ်ဟော်ခမ်းသည် မိမိတို့၏ ရေမြေ တောတောင် သဘာဝ ပတ်ဝန်းကျင်ကို တန်ဖိုး ထားပါသည်။ မိမိတို့၏ လုပ်ရပ်များမှ သဘာဝ ပတ်ဝန်းကျင်အား မည်သို့ မည်ပုံ ထိခိုက် မည်ကို ကောင်းစွာ နားလည်သည်။ ထို့ကြောင့် ကုမ္ပဏီ၏ လုပ်ငန်း ဆောင်ရွက်ချက် တိုင်းတွင် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံး ဖြစ်အောင် အလေးထား ဆောင်ရွက်ပါသည်။

သဘာဝ ပတ်ဝန်းကျင်အား ထိခိုက်မှု အနည်းဆုံး ဖြစ်စေသော နည်းပညာ၊ ပစ္စည်း ကိရိယာများ နှင့် ဒီဇိုင်းပြုမှု များကိုသာ ဦးစားပေး အသုံးပြု ပါသည်။ လုပ်ငန်း ဆောင်ရွက်မှုမှ ထွက်ရှိလာသော ကာဘွန် အခိုး အငွေ့များ၊ ဖုန်များနှင့် အခြား စွန့်ပစ် ပစ္စည်းများကို နိုင်ငံတကာ စံချိန် စံညွှန်းများ အတိုင်း စီမံ ခန့်ခွဲမှု ပြုပါသည်။

ဖောက်သည်များ

ပိုမို ကောင်းမွန်သော ဘဝကို တည်ဆောက်ခြင်း ဆိုသည့် ဂရိတ်ဟော်ခမ်း၏ ဆောင်ပုဒ် နှင့် အညီ လူသားတိုင်းအား ပိုမို ကောင်းမွန်သော ဘဝကို တည်ဆောက် ပေးစွမ်းနိုင်ခြင်းသည် ကုမ္ပဏီ၏ ဆန္ဒ သဘောထား ဖြစ်သည်။

ဂရိတ်ဟော်ခမ်းသည် အကောင်းဆုံး အရည်အသွေး၊ အသင့်တော်ဆုံး ဈေးနှုန်းဖြင့် ဖောက်သည်များ၏ ရည်မှန်းချက် နှင့် လိုရာ ဆန္ဒအား ဖြည့်စွမ်း ပေးနိုင်ခြင်းကို တန်ဖိုး ထားပါသည်။ ဖောက်သည်များအား လေးစားခြင်း၊ အလေးထားခြင်း၊ နားလည်ခြင်း၊ သတ်မှတ်ချိန် အတိုင်း လုပ်ငန်းများ ပြီးမြောက် စေခြင်း၊ အရည်အသွေး ပြည့်မီသော ဝန်ဆောင်မှုများ ပေးခြင်းသည် ကုမ္ပဏီ၏ လုပ်ငန်း ကျင့်ဝတ် ဖြစ်သည်။ ဝန်ထမ်းတိုင်းတွင် ယုံကြည် အားထားနိုင်မှု၊ တာဝန်ယူခြင်း တာဝန်ခံခြင်းရှိမှု၊ စံပြ ဖြစ်စေမှု၊ လုပ်ငန်း ရိုသေ လေးစားစိတ် ရှိမှုဖြစ်အောင် အစဉ် အလေးထား ဆောင်ရွက်လျက် ရှိသည်။

နိုင်ငံတော်၏ ဥပေ ဒနှင့် ပြဋ္ဌာန်းချက်များ၊ စည်းမျဉ်း စည်းကမ်းများ၊ ဂရိတ်ဟော်ခမ်း၏ စည်းမျဉ်း စည်းကမ်း နှင့် လုပ်ထုံး လုပ်နည်းများကို လေးစား လိုက်နာပြီး ဖောက်သည်များအား စိတ်ကျေနပ်မှု အကောင်းဆုံး ဖြစ်အောင် အစဉ်မပြတ် ကြိုးစား ဆောင်ရွက်မည် ဖြစ်သည်။

ပစ္စည်းပေးသွင်းသူများ

အရည်အသွေး ပြည့်မီသော ထုတ်ကုန် နှင့် ဝန်ဆောင်မှုများကို ဖောက်သည်များအား ပေးစွမ်းနိုင်ရေး အတွက် ကုမ္ပဏီသည် ပစ္စည်း ကိရိယာ၊ နည်းပညာ၊ ဝန်ဆောင်မှု နှင့် အခြား အရင်းအမြစ် ပေးသွင်းသူများကို အမှီ ပြုရပြန်သည်။ အရည်အသွေး ပြည့်မီသော ပစ္စည်း ပေးသွင်းသူများ မရှိလျှင် ကုမ္ပဏီသည်လည်း ဖောက်သည်များအား အရည်အသွေး ပြည့်မီသော ထုတ်ကုန် နှင့် ဝန်ဆောင်မှုများကို ပေးစွမ်း နိုင်မည် မဟုတ်ကြောင်း သိရှိ နားလည်သည်။

ထို့ကြောင့် ပစ္စည်း အရည်အသွေး၊ ဈေးနှုန်း၊ အချိန် တိကျမှု စသည်ဖြင့် ယုံကြည် စိတ်ချရသော ပစ္စည်း ပေးသွင်းသူများ ရနိုင်ရန်၊ ပစ္စည်း ပေးသွင်းသူ အတွက်လည်း တရား မျှတသော လုပ်ငန်း လုပ်ဖော်ကိုင်ဖက် ဖြစ်ရန်၊ ပစ္စည်း ပေးသွင်း သူကို ရွေးချယ်ရာတွင် အများ၏ ယုံကြည်မှု မပျက်စီးစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ဝယ်ယူရေး လုပ်ထုံး လုပ်နည်းနှင့် မူဝါဒများ ချမှတ် ထားပြီး ဖြစ်သည်။ ပစ္စည်း ပေးသွင်းသူသည် အဆိုပါ ဂရိတ်ဟော်ခမ်း၏ ဝယ်ယူရေး လုပ်ထုံး လုပ်နည်း နှင့် မူဝါဒများ၏ ဖော်ပြ သတ်မှတ်ချက်များ နှင့် ကိုက်ညီ ရမည် ဖြစ်သည်။

လုပ်ငန်းပြိုင်ဘက်များ

လုပ်ငန်း သဘော သဘာဝတိုင်းတွင် မိမိတို့နှင့် ယှဉ်ပြိုင်မည့် ပြိုင်ဘက်များ ရှိခြင်းသည် မိမိတို့၏ လုပ်ငန်း အရည်အသွေးကို တိုးတက်စေသည့် အရာ ဖြစ်ကြောင်း ယုံကြည်သည်။ ထို့ပြင် ဖောက်သည်များ အတွက် ဈေးနှုန်း မျှတမှုကိုလည်း ပိုမိုပေးစွမ်း နိုင်မည် ဖြစ်သည်။

ဂရိတ်ဟော်ခမ်း၏ ထုတ်ကုန်များ နှင့် ဝန်ဆောင်မှု ဈေးနှုန်းသည် အရည်အသွေး နှင့် ဝန်ဆောင်မှု အပေါ် မူတည်ပါသည်။ ပြိုင်ဘက်များ ပေါ်ကိုလည်း အချင်းချင်း လေးစားသော၊ ရိုးသားသော၊ တရား မျှတသော၊ စီးပွားရေး ကျင့်ဝတ် အသိစိတ် ရှိသော၊ ဥပဒေ လိုက်နာမှု ရှိသော အမူအကျင့်များဖြင့် ဆောင်ရွက်မည် ဖြစ်သည်။

အဂတိတိုက်ဖျက်ရေး

အဂတိ လိုက်စားခြင်း၊ လာဘ်ပေး လာဘ်ယူမှု ပြုခြင်းများသည် အများပြည်သူ၏ ယုံကြည်မှုကို ပျက်ပြား စေနိုင်ကြောင်း ကုမ္ပဏီ ယုံကြည်သည်။ စီးပွား လုပ်ငန်း လုပ်ဆောင်မှုများတွင် ရိုးသား ဖြောင့်မတ်မှု၊ ကျင့်ဝတ် စည်းကမ်း စောင့်ထိန်းမှု နှင့် တရား ဥပဒေ လိုက်နာမှုများ ရှိရမည်။ လာဘ်ပေး လာဘ်ယူမှု ပြုခြင်း၊ အကျင့်ပျက် ခြစားခြင်း လုပ်ရပ်များကို ကုမ္ပဏီက လုံးဝ သည်းခံ ခွင့်လွှတ်မည် မဟုတ်ပါ။ ကုမ္ပဏီ ဖော်ဆောင်သည့် လုပ်ငန်းတိုင်း စီမံကိန်း တိုင်းသည် တရား မျှတပြီး ရိုးသားမှု နှင့် ပွင့်လင်း မြင်သာမှု ရှိရမည်။ အဂတိ လိုက်စားမှု၊ လာဘ်ပေး လာဘ်ယူမှု နှင့် အကျင့်ပျက် ခြစားမှု လုပ်ရပ်များကို ထိရောက်စွာ တိုက်ဖျက် အရေးယူနိုင်ရန် ကုမ္ပဏီသည် သက်ဆိုင်သည့် အဂတိ တိုက်ဖျက်ရေး မူဝါဒများ၊ လုပ်ထုံး လုပ်နည်းများ နှင့် စည်းကမ်း လိုက်နာမှု ဌာနများ သတ်မှတ်ထားပြီး ဖြစ်သည်။ ဂရိတ်ဟော်ခမ်း၏ အရာရှိများ နှင့် ဝန်ထမ်းများ အားလုံး လာဘ်ပေး လာဘ်ယူ ပုံစံမျိုးဖြင့် ပေးခြင်း၊ တောင်းခံခြင်း၊ လက်ခံခြင်းများ မရှိစေရန် အလေးအနက် ဆောင်ရွက် ထားပါသည်။

အဂတိ လိုက်စားမှု၊ လာဘ်ပေး လာဘ်ယူမှု နှင့် အကျင့်ပျက် ခြစားမှု ကျူးလွန်သူသည် မြန်မာ နိုင်ငံ၏ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေအရ ထောင်ဒဏ် ငွေဒဏ် သို့မဟုတ် ပြစ်ဒဏ် ချမှတ်ခြင်း ခံရနိုင်သည် ဖြစ်ရာ ယင်းပြစ်ဒဏ်မျိုး ချမှတ်ခြင်း ခံရလျှင် ကုမ္ပဏီ အတွက် ဂုဏ်သိက္ခာ ထိခိုက် စေနိုင်သည်။ ယင်းကဲ့သို့သော ဂုဏ်သိက္ခာ ပျက်စီးမှုမျိုး မဖြစ်ရစေရန် ကုမ္ပဏီက အလေးအနက် ကာကွယ် ဆောင်ရွက် လျက်ရှိသည်။

သတင်းအချက်အလက်၊ မီဒီယာနှင့် ပြင်ပဆက်ဆံရေး

ကုမ္ပဏီနှင့် ပတ်သက်သူများအား သက်ဆိုင်သော သတင်း အချက်အလက်များကို မှန်ကန် မြန်ဆန်စွာ ဖွင့်ဟ ထုတ်ဖော်ရေးသည် အများပြည်သူ၏ ယုံကြည် စိတ်ချမှု ရှိစေရေးအတွက် အလွန် အရေးပါသော အချက်တစ်ခု ဖြစ်သည်။ ဂရိတ်ဟော်ခမ်း၏ သတင်း အချက် အလက်များသည် မှန်ကန်ပြီး ယုံကြည်စိတ်ချမှု ရှိစေရမည်။ ပြင်ပ မီဒီယာများ၊ ငွေကြေး ဈေးကွက်များ နှင့် အများပြည်သူတို့နှင့် သတင်း အချက်အလက်များ ဖွင့်ဟ အသိပေးရာတွင် အများပိုင် ကုမ္ပဏီ၏ လုပ်ထုံး လုပ်နည်းများ၊ နိုင်ငံတော်၏ ဥပဒေများ၊ ညွှန်ကြားချက်များနှင့် လိုက်လျော ညီထွေမှု ဖြစ်ရမည်။

အများပြည်သူအား ကုမ္ပဏီ၏ သတင်း အချက်အလက်များကို ဖွင့်ဟ အသိပေးရာတွင် ကုမ္ပဏီ၏ ပေးအပ်ထားသော တာဝန်ရှိသူ ဖြစ်မှသာ အကျုံးဝင်သည်။

ကုမ္ပဏီ၏ ပိုင်ဆိုင်မှုများ

ဒြပ်ဝတ္ထု ရှိသော၊ ဒြပ်ဝတ္ထု မရှိသော ကုမ္ပဏီ၏ ပိုင်ဆိုင်မှုများ အားလုံးကို လုံခြုံပြီး အန္တရာယ် ကင်းရှင်းအောင် ထိန်းသိမ်း စောင့်ရှောက် ရမည်။ ကုမ္ပဏီ၏ ပိုင်ဆိုင်မှုများ အားလုံးကို အသုံးပြုသူသည် သတိ ဝိရိယ ရှိစွာဖြင့် ရှယ်ယာရှင်းများ အားလုံး အတွက် တန်ဖိုးဖြစ်မှု အကောင်းဆုံး ဖြစ်အောင် အသုံးပြု ရမည်။

ဂရိတ်ဟော်ခမ်းသည် အတွင်းပိုင်း ထိန်းချုပ်မှု စနစ်များကို အသုံးပြုပြီး ယင်း၏ မျှော်မှန်းချက်၊ ရည်မှန်းချက်နှင့် မဟာဗျူဟာများကို ရယူနိုင်အောင် ထိရောက်သော လုပ်ငန်း လုပ်ထုံး လုပ်နည်းများဖြင့် ဆောင်ရွက်မည် ဖြစ်သည်။ လုပ်ငန်း ဆောင်ရွက်မှုတိုင်းတွင် ဥပဒေနှင့် လုပ်ထုံး လုပ်နည်းများနှင့် လျော်ညီစွာ လုပ်ဆောင်မည် ဖြစ်သည်။

ကုမ္ပဏီ၏ ပိုင်ဆိုင်မှုများကို အသုံးပြုသူသည် ချမှတ်ထားသော လမ်းညွှန်များနှင့် လုပ်ထုံးလုပ်နည်းများကို လိုက်နာရမည်။ လမ်းညွှန်များနှင့် လုပ်ထုံးလုပ်နည်းများ ချမှတ်ထားမှု မရှိလျှင် အသုံးပြုသူသည် ကုမ္ပဏီ၏ အကျိုး စီးပွားကို ရှေ့တန်းတင်ပြီး သတိ ဝိရိယရှိစွာ အသုံးပြုရမည်။ ကောင်းစွာ နားမလည်ခြင်း၊ မရှင်းလင်းခြင်းများ ရှိလျှင် မိမိ၏ အထက်လူကြီးနှင့် မေးမြန်း ဆွေးနွေးရမည်။

ဝန်ထမ်းတိုင်းသည် မိမိ၏ တာဝန် ကန့်သတ်ချက် မူဘောင်အတွင်း၌သာ လုပ်ငန်းများကို ဆောင်ရွက်ရမည်။ ဘောင်ကျော်လွန်ခြင်း မရှိစေရ။ အတွင်းပိုင်း ထိန်းချုပ်မှုသည် စီမံ ခန့်ခွဲရေး အဖွဲ့၏ တာဝန် ဖြစ်သည် ဆိုသော်လည်း ထိရောက်ပြီး အကျိုးရှိသော လုပ်ငန်းခွင် ဖြစ်နိုင်ရေး အတွက် ဝန်ထမ်းတိုင်း ဝိုင်းဝန်း ကူညီ ဆောင်ရွက်ရမည်။

အကျိုးစီးပွားဆိုင်ရာ ပဋိပက္ခဖြစ်မှု

အကျိုးစီးပွားဆိုင်ရာ ပဋိပက္ခများ ဆိုသည်မှာ ကုမ္ပဏီ၏ အရာရှိ တစ်ဦး တစ်ယောက် သို့မဟုတ် ယင်း၏ မိသားစုဝင် တစ်ဦးဦးမှ ဆောင်ရွက်နေသော အမျိုးမျိုးသော ကိုယ်ပိုင် လုပ်ငန်းများတွင် ကုမ္ပဏီ၏ အကျိုး စီးပွားနှင့် ၎င်း၏ အကျိုးစီးပွားတို့ တိုက်ရိုက် လည်းကောင်း၊ သွယ်ဝိုက်၍ လည်းကောင်း ယှဉ်ပြိုင် ဆောင်ရွက်ရသည့် အခြေအနေများ အခြေအနေများကို ဆိုလိုသည်။ ယင်းကဲ့သို့ ဖြစ်ခြင်းသည် ပဋိပက္ခဖြစ်နေသူ၏ မှန်ကန် မျှတစွာ ဆုံးဖြတ်နိုင်စွမ်းကို ထိခိုက်စေပါသည်။ ထိုကဲ့သို့ ပဋိပက္ခမျိုးရှိနေလျှင် မှန်ကန် မျှတစွာ ဆုံးဖြတ် နိုင်သော်လည်း ကုမ္ပဏီ အပေါ် အများပြည်သူ၏ ယုံကြည်မှုကို လျော့နည်းစေနိုင်သည်။

ဂရိတ်ဟော်ခမ်းသည် ထိုကဲ့သို့သော ပဋိပက္ခမျိုးကို အားမပေးပါ။ အကျိုးစီးပွားဆိုင်ရာ ပဋိပက္ခမျိုး ဖြစ်နိုင်မည့် အလားအလာ ရှိသူအား ကုမ္ပဏီ လုပ်ငန်းဆိုင်ရာ ဆုံးဖြတ်ချက် ချမှတ်မှုများတွင် သြဇာ တက်ရောက်ခြင်း မရှိစေရပါ။ ယင်းကဲ့သို့သော အခြေအနေမျိုး ရှိခဲ့လျှင် ကုမ္ပဏီ၏ သက်ဆိုင်ရာ ထိန်းချုပ်မှု လုပ်ထုံး လုပ်နည်းများ အတိုင်း ပွင့်လင်းမြင်သာစွာ ဖြေရှင်းမည် ဖြစ်သည်။

ကိုယ်ပိုင်အကျိုးစီးပွားနှင့် ပြင်ပ လှုပ်ရှားမှုများ

ဂရိတ်ဟော်ခမ်း၏ စီမံ ခန့်ခွဲသူများ နှင့် ဝန်ထမ်းများသည် ပြင်ပ လုပ်ငန်းများ၊ ပြင်ပ ရာထူးများ နှင့် လှုပ်ရှားမှုများကြောင့် ကုမ္ပဏီ၏ လုပ်ငန်းတာဝန်များ ကျေပွန်စွာ ထမ်းဆောင်နိုင်စွမ်းကို ထိခိုက်စေ နိုင်ပါသည်။ ထို့ကြောင့် စီမံ ခန့်ခွဲ့သူများ အနေဖြင့် ကုမ္ပဏီမှ ပေးအပ်သည့် မိမိ၏ တာဝန် ထမ်းဆောင် နိုင်မှုကို ထိခိုက်နိုင်မည့် ပြင်ပ လုပ်ငန်းများ၊ ရာထူးများ နှင့် လှုပ်များမှုများကို ကုမ္ပဏီက တားမြစ်သည်။

လျှို့ဝှက် အချက်အလက်များ

ဂရိတ်ဟော်ခမ်းသည် အများပိုင် ကုမ္ပဏီ တစ်ခု ဖြစ်သည်နှင့် အညီ ကုမ္ပဏီ၏ အစု ရှယ်ယာ ဈေးနှုန်း နှင့် ယုံကြည်မှု ပုံရိပ်ကို ထိခိုက်ခြင်း မရှိစေရန် လျှို့ဝှက် သတင်း အချက် အလက်များကို လုံခြုံစွာ ကိုင်တွယ်ရန် လိုအပ်ကြောင်း ယုံကြည် နားလည်သည်။ အရေးကြီးသော သတင်း အချက်အလက်များကို လူတစ်ဦး တစ်ယောက်က မိမိကိုယ် ကောင်းစားရေး အတွက် အသုံးချနိုင်သည် ဖြစ်ရာ လျှို့ဝှက် သတင်း အချက်အလက်များကို အများပြည်သူသို့ ဖွင့်ဟ အသိ မပေးမီ မသက်ဆိုင်သူက ဝင်ရောက် ကြည့်ရှု နိုင်ခြင်း မရှိစေရန် လိုအပ်သော အစီအမံ နှင့် လုပ်ထုံးလုပ်နည်းများ ဆောင်ရွက်ထားပါသည်။

ကိုယ်ရေးကိုယ်တာ အချက်အလက်များ

ဂရိတ်ဟော်ခမ်း၏ ဖောက်သည်များ၊ ဝန်ထမ်းများနှင့် အခြား ဆက်စပ် ပတ်သက်သော ပုဂ္ဂိုလ်များ၏ ကိုယ်ရေးကိုယ်တာ အချက် အလက်များကို လုံခြုံစွာ သိမ်းဆည်း ထားပါသည်။ သိမ်းဆည်း ထားရာတွင်လည်း လိုအပ်သော အချိန် အတိုင်းအတာ အထိသာ သိမ်းဆည်း ထားပါသည်။ အဆိုပါ အချက် အလက်များကို ဥပဒေနှင့် လုပ်ထုံး လုပ်နည်းများ အတိုင်း သက်ဆိုင်ရာ လုပ်ငန်း နယ်ပယ်တွင် အသုံးပြုရန်သာ ဖြစ်ပါသည်။ အခြား ရည်ရွယ်ချက်များ အတွက် အသုံးပြုခြင်း၊ မသက်ဆိုင်သူအား ဖွင့်ဟ အသိ ပေးခြင်းများ မရှိပါ။

အသိပညာဆိုင်ရာ ပိုင်ဆိုင်မှုများ

ကုန်ပစ္စည်း အမှတ်တံဆိပ်၊ မူပိုင်ခွင့်၊ တီထွင် ဖန်တီးမှု၊ စီးပွားရေး လျှို့ဝှက်ချက် နှင့် လုပ်ထုံးလုပ်နည်း ကျွမ်းကျင်မှုများသည် တန်ဖိုးရှိသော အရာများ ဖြစ်ပြီး ဂရိတ်ဟော်ခမ်း၏ အောင်မြင်မှုအတွက် အရေးပါသော အရာများလည်း ဖြစ်နိုင်သည်။ ဂရိတ်ဟော်ခမ်းသည် မိမိ၏ အသိပညာဆိုင်ရာ ပိုင်ဆိုင်မှုများကို မသက်ဆိုင်သူများ ဝင်ရောက် အသုံးချခြင်း၊ ပေါက်ကြားခြင်းနှင့် တရားမဝင် အသုံးပြုခြင်းများ မရှိစေရေး အတွက် လုံခြုံစွာ ထိန်းသိမ်း ထားရှိမည် ဖြစ်သည်။ ထို့နည်းတူ သူတပါး၏ အသိပညာဆိုင်ရာ ပိုင်ဆိုင်မှု များကိုလည်း မိမိတို့ လေးစားမည် ဖြစ်သည်။

ဘဏ္ဍာရေးဆိုင်ရာ အစီရင်ခံခြင်း

ဂရိတ်ဟော်ခမ်းသည် အများပိုင် ကုမ္ပဏီတစ်ခု ဖြစ်သည်နှင့် အညီ မိမိတို့၏ ဘဏ္ဍာရေး အစီရင်ခံခြင်းများနှင့် ပတ်သက်၍ နိုင်ငံတကာ ဘဏ္ဍာရေး အစီရင်ခံခြင်း စံချိန်စံညွန်း (IFRS) နှင့် ကောင်းမွန်သော အကောင့်ဆိုင်ရာ လုပ်ထုံး လုပ်နည်းများ အတိုင်း တိကျစွာ လိုက်နာ ကျင့်သုံးနိုင်ရန် အရေးကြီးကြောင်း နားလည်သည်။ ယုံကြည် စိတ်ချရသော၊ ပွင့်လင်း မြင်သာသော၊ စဉ်ဆက် မပြတ်သော၊ အချိန်နှင့် တပြေးညီ ဖြစ်သော အစီရင်ခံခြင်းများ ဖြစ်ရမည် ဖြစ်သည်။ သတင်း အချက်အလက်များကို သိရှိနိုင်ရေးအတွက် အစု ရှယ်ယာရှင်တိုင်း နှင့် အဓိက ပါဝင် ပတ်သက်သူတိုင်း တူညီမျှတသော အခွင့်အရေး ရှိစေရမည် ဖြစ်သည်။

လုပ်ငန်း လည်ပတ်မှုတွင် ဘဏ္ဍာရေးဆိုင်ရာ ဆောင်ရွက်မှုများ အားလုံးကို သက်ဆိုင်ရာ တည်ဆဲ ဥပဒေ နှင့် ကောင်းမွန်သော အကောင့်ဆိုင်ရာ လုပ်ထုံးလုပ်နည်း အတိုင်း တိကျ မှန်ကန်စွာ စာရင်း ပြုစုထားမည် ဖြစ်သည်။ ဂရိတ်ဟော်ခမ်း၏ နှစ်ပတ်လည် ဘဏ္ဍာရေး အစီရင်ခံစာသည် လည်းကောင်း၊ နှစ်ဝက် ဘဏ္ဍာရေး အစီရင်ခံစာသည် လည်းကောင်း နိုင်ငံတကာ ဘဏ္ဍာရေး အစီရင်ခံခြင်း စံချိန်စံညွန်း (IFRS) နှင့် ကောင်းမွန်သော အကောင့်ဆိုင်ရာ လုပ်ထုံး လုပ်နည်းများနှင့် လျော်ညီစေရမည်။

တိုင်ကြားမှု

ဂရိတ်ဟော်ခမ်းတွင် ကျင့်ဝတ်နှင့် ပတ်သက်ပြီး သံသယ ဖြစ်ဖွယ်များကို မြင်ရ ကြားရလျှင် ရဲဝံ့စွာ တိုင်ကြားသည့် အလေ့အကျင့်မျိုးကို အားပေးသည်။ ကျင့်ဝတ် ဖောက်ဖျက်မှုကို တိုက်ဖျက်ရေး အတွက် သင်၏ အသိပေးမှု တိုင်ကြားမှုများသည် ဂရိတ်ဟော်ခမ်း အတွက် လွန်စွာ အရေးပါသည်။

ဤလုပ်ငန်း ဆောင်ရွက်မှု ကျင့်ဝတ် အပါအဝင် ဥပဒေများ၊ မူဝါဒများ၊ စည်းမျဉ်း စည်းကမ်းများ၊ ညွှန်ကြားချက်များ စသည်တို့ကို ကျူးလွန် ဖောက်ဖျက်လျှင် စည်းမျဉ်း စည်းကမ်းအတိုင်း အရေးယူမှု၊ စီမံခန့်ခွဲမှုများ ဆောင်ရွက်နိုင်ရန် အရေးကြီးပါသည်။ သင်သည် အဆိုပါ ကျူးလွန် ဖောက်ဖျက်ခြင်းများကို မြင်ရ ကြားရလျှင်ဖြစ်စေ၊ သံသယ ရှိလျှင် ဖြစ်စေ အီးမေးလ်ဖြင့် compliance@greathorkham.com သို့ လည်းကောင်း၊ ဖုန်းဖြင့် +95(0) 97-7629-6789 သို့ လည်းကောင်း ချက်ချင်း တိုင်ကြား နိုင်ပါသည်။ သို့မဟုတ် ဥရောပတွင် သီးခြား အဖွဲ့အစည်းဖြင့်သည့် Navex Global တွင်လည်း လျှို့ဝှက်အဖြစ် တိုင်ကြားနိုင်သည်။

တိုင်ကြားမှုတိုင်းတွင် တိုင်ကြားသူ၏ အချက်အလက်ကို အထူးလျှို့ဝှက် အဖြစ်ဖြင့် ထားရှိမည် ဖြစ်သည်။ ကောင်းမွန်သော စေတနာဖြင့် တိုင်ကြားသူကို ရန်တုံ့နှင်းခြင်း၊ လက်တုံပြန်ပြုခြင်းများ မရှိစေရပါ။

အရေးယူမှု

လုပ်ငန်း ဆောင်ရွက်မှု ကျင့်ဝတ်နှင့် အခြား စည်းမျဉ်းစည်းကမ်း များကို ဖောက်ဖျက် ကျူးလွန်လျှင် ကျူးလွန် ဖောက်ဖျက်သည့် အပြစ် အမျိုးအစား နှင့် ကြီးလေးမှု အလိုက် လျော်ညီသော အရေးယူမှုများကို ခံရမည် ဖြစ်သည်။ အလုပ်မှ ထုတ်ပယ်ခြင်းအထိလည်း ဖြစ်နိုင်သည်။

အောက်ဖော်ပြပါများလည်း အရေးယူနိုင်သည် -

  • ကိုယ်တိုင် ကျူးလွန် ဖောက်ဖျက်ခြင်း၊ သူတပါးအား ကျူးလွန် ဖောက်ဖျက်ရန် အားပေးခြင်း၊
  • ကျူးလွန် ဖောက်ဖျက်မှုကို မြင်ရ သိရလျက် တိုင်ကြားမှု မပြုခြင်း၊
  • ကျူးလွန် ဖောက်ဖျက်မှုကို အရေးယူရာတွင် လက်တွဲ လုပ်ဆောင်မှု မရှိခြင်း နှင့်
  • ကောင်းမွန်သော စေတနာဖြင့် တိုင်ကြားသူကို ရန်တုံ့နှင်းခြင်း၊ လက်တုံ့ပြန်မှု ပြုခြင်း။

ကျင့်ဝတ်နှင့် စည်းကမ်း ကျူးလွန် ဖောက်ဖျက်မှုများကို ဂရိတ်ဟော်ခမ်း၏ ဒါရိုက်တာများ အဖွဲ့က သင့်လျော်သော စုံစမ်း စစ်ဆေးမှုများ ဆောင်ရွက်မည်ဖြစ်သည်။ ကျူးလွန် ဖောက်ဖျက်ကြောင်း ထင်ရှားလျှင် သင့်လျော်သော အရေးယူမှုများကို ချမှတ် ဆောင်ရွက်မည်ဖြစ်သည်။